Showing posts with label Rural/ Urban. Show all posts
Showing posts with label Rural/ Urban. Show all posts

Sunday, September 4, 2011

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး






ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။



ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက်ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မမြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာတတ်ပါတယ်။

ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါတယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။


အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါးသူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေကနေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေတတ်ပါတယ်။

ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက်ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက်အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။

ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

(၂) Land Inequality လျှော့ချခြင်း

မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်းပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။

(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု

ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။

စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်းကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက်ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပြုပါတယ်။

(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း

စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ်သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာတွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှသော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များ ဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။

အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင်ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။

Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong

Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London

Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.

Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.

မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျေးလက်ဒေသကနေ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု (rural- urban migration) နှုန်းက တိုးတက်များပြားလာပါတယ်။ ဒီလို ပြောင်းရွှေ့အခြေချသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘ၀ တိုးတက်မှု အခွင့်အလမ်းအတွက် မြို့ပြကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပေမယ့် မြို့ပြရှင်သန်နေထိုင်မှု စရိတ်ကြီးမားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျန်းမာသန့်ရှင်းမှုမရှိသော ဆင်ခြေဖုံးများတွင် နေထိုင်ရခြင်း၊ ရောဂဘယ ကူးစက်ပြန့်ပွားခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပြီး တိုးတက်တဲ့ လူမှုဘ၀ အခွင့်အလမ်းတွေကို ခံစားခွင့် မရကြပါဘူး။ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ လူဦးရေထူထပ်မှုရှိလာသလို၊ မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) နှုန်းကလဲ တိုးမြင့်လာပါတယ်။



မြို့ပြဆင်းရဲနွမ်းပါးမှု သွင်ပြင်လက္ခဏာများ

မြို့ပြဆင်းရဲနွမ်းပါးမှုမှာ သွင်ပြင်လက္ခဏာ (၅) ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ၀င်ငွေမလောက်ငမှု ဖြစ်ပါတယ်။ မြို့ပြမှာ နေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ များသောအားဖြင့် အလုပ်တခုခု လုပ်နေသူများ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်သူများထက် ၀င်ငွေပိုများပေမယ့် မြို့ပြရဲ့ နေထိုင်မှုအသုံးစရိတ်ကြီးမားမှုကြောင့် ၀င်ငွေ မလောက်ငမှု နဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့အတွက် ၀င်ငွေလောက်ငမှု မရှိပဲ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ရတတ်တာကြောင့် အလုပ်အကိုင်လုံခြုံရေး အခက်အခဲနဲ့လဲ ရင်ဆိုင်ရတတ်ပါတယ်။

ဒုတိယသွင်ပြင်လက္ခဏာကတော့ ငတ်မွတ်ခေါင်းမှု ဖြစ်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးသူတွေဟာ အစားအစာတွေကို ၀ယ်ယူစားသုံးကြရတာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာလို မြေပိုမြေလျှံ မရှိတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ဖို့ ခဲယဉ်းတာကြောင့်၊ အစားအစာတွေကို ၀ယ်ယူစားသုံးကြရပါတယ်။ ဒီလို ၀ယ်ယူစားသုံးရတဲ့အခါမှာလဲ သယ်ယူ ပို့ဆောင်ရေးစရိတ်နဲ့ အဆင့်ဆင့် ဖြန့်ဖြူးစရိတ်တွေကြောင့် မြို့ပြမှာနေထိုင်သူတွေဟာ ကျေးလက်မှာနေထိုင်သူတွေထက် အစားအသောက် ကုန်ကျစရိတ် ပိုပြီး များပါတယ်။ မြို့ပြဆင်ခြေဖုံးရပ်ကွက်များနဲ့ ကျူးကျော်ရပ်ကွက်များမှာ နေထိုင်ရသူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ ပတ်ဝန်းကျင် မရှိခြင်းကြောင့် ရောဂါဘယ ကူးစက်ခံရမှု အန္တရာယ်ကိုလဲ ရင်ဆိုင်ကြ ရပါတယ်။ infection-related အစာအာဟာရချို့တဲ့မှု ပြဿနာက မြို့ပြမှာ အဖြစ်များပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ informal sector အလုပ်အကိုင်အခြေအနေ ဖြစ်ပါတယ်။ မြို့ပြမှာ အလုပ်လုပ်ကိုင်သူ အများစုဟာ နေ့စားလုပ်သားများ၊ ယာယီလုပ်သားများအဖြစ် လုပ်ကိုင်ကြရပါတာဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အလမ်း၊ ဥပေဒေအကာအကွယ်များ ဆုံးရှုံးကြရပြီး၊ အလုပ်အကိုင် မလုံခြုံမှု (job insecurity) ဆိုင်ရာ စိတ်ဖိစီးမှုတွေကိုလဲ ခံစားကြရပါတယ်။

စတုတ္ထသွင်ပြင်လက္ခဏာကတော့ informal settlements ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကြောင့် အလုပ်နဲ့ နီးစပ်ရာနေရာတွေမှာ အခြေချနေထိုင်မှုတွေ ရှိလာပါတယ်။ ဒီလို အခြေချနေထိုင်မှုတဲ့အခါမှာ မြေယာပိုင်ဆိုင်မှု၊ ငှားရမ်းစရိတ် ကြီးမားမှု အခက်အခဲတွေကြောင့် မီးရထားလမ်းဘေး၊ မြစ်ကမ်းဘေး၊ တံတားများနဲ့ အမှိုက်ပုံများအနီးမှာ ကျူးကျော်နေထိုင် အခြေချမှုတွေ ဖြစ်ပွားလာတတ်ပါတယ်။

ပဥ္ဒမသွင်ပြင်လက္ခဏာကတော့ ၀န်ဆောင်မှုများကို ခံစားခွင့် မရခြင်းပဲ ဖြစ်ပါတယ်။ ကျူးကျော်ရပ်ကွက်များနဲ့ အခြား informal settlements တွေမှာ အစိုးရတွေရဲ့ အခြေခံလူနေမှုအဆောက်အအုံ ၀န်ဆောင်မှု အားနည်းချက်တွေ ရှိတတ်ပါတယ်။ ရေရရှိရေးအတွက် ရပ်ကွက်ထဲက public tap တွေမှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရမှုတွေ ရှိတတ်သလို၊ လျှပ်စစ်မီးသုံးစွဲနိုင်မှုလဲ မရှိကြပါဘူး။ အညစ်အကြေးစွန့်ပစ်မှု ပြဿနာတွေလဲ ရှိပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှု ဆိုတာကို ဘောဂဗေဒရှုထောင့်နဲ့ မနုဿဗေဒ ရှုထောင့်တွေကနေ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဘောဂဗေဒရှုထောင့်အရ မြို့ပြဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ ၀င်ငွေ (သို့မဟုတ်) စားသုံးမှု ညွှန်ပြကိန်းဂဏာန်းတွေ အပြင် အာဟာရပြည့်ဝမှု၊ အစားအစာ မျှတလုံလောက်မှု၊ စာတတ်မြောက်မှု၊ သန့်ရှင်းသောရေ ရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် ဆိုတဲ့ လူမှုတိုးတက်မှုဆိုင်ရာ ညွှန်ပြကိန်းဂဏာန်းတွေနဲ့ တိုင်းတာကြပါတယ်။ မနုဿဗေဒ ပညာရှင်တွေနဲ့ လူမှုစီမံကိန်းရေးဆွဲသူတွေကတော့ အထက်ပါအချက်တွေအပြင် လူမှုဘ၀ကွဲပြားခြားနားမှုနဲ့ ပစ္စည်းဥစ္စာဓန မဟုတ်သော အရာများ ချို့တဲ့မှု (non-material deprivation) ကိုပါ ထည့်သွင်းပြီး တိုင်းတာဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။

ဝင်ငွေနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ ဆင်းရဲနွမ်းပါးမှုကွာဟချက် (poverty gap)၊ ၀င်ငွေတန်းတူညီမျှခြင်းမရှိမှု (income inequality)၊ အလုပ်လက်မဲ့နှုန်း (unemployment rate)၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လျှပ်စစ်ပစ္စည်း ရယူသုံးစွဲမှု (access to electricity) စတာတွေ ပါဝင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ စာတတ်မြောက်နှုန်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပြီးမြောက်အောင်မြင်မှုနှုန်း၊ ကလေးလုပ်အား၊ ပညာရေးဆိုင်ရာ ကျားမကွဲပြားမှု၊ ပညာရေးအတွက် အိမ်ထောင်တခုချင်း စီအလိုက် ပျမ်းမျှအသုံးစရိတ်၊ အလုပ်ခွင်ဆိုင်ရာ သက်မွေးကျောင်း သင်တန်းများသို့ တက်ရောက်နိုင်မှု စတာတွေ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်၊ အစာအာဟာရ ပြည့်ဝရေးဆိုင်ရာ safety nets များရှိမှု၊ အစားအစာအတွက် အိမ်ထောင်စုတခုချင်းစီအလိုက် ပျမ်းမျှ အသုံးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အိမ်ထောင်တခုချင်းစီအလိုက် ပျမ်းမျှအသုံးစရိတ်၊ ရေသုံးစွဲမှာ ပမာဏ၊ ဖွားသေနှုန်း၊ ကလေးသူငယ်အစာအာဟာရ ချို့တဲ့မှု၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ မတော်တဆမှုများဆိုင်ရာ သေဆုံးနှုန်း၊ ရောဂါဘယများဆိုင်ရာ သေဆုံးနှုန်း၊ အကြမ်းဖက်မှုများဆိုင်ရာ သေဆုံးနှုန်း စတာတွေ ပါဝင်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ ခွင့်ပြုချက်မရှိသော အဆောက်အဦးများနှင့် ကျူးကျော် အိမ်ယာများ တည်ဆောက်ထားမှုနှုန်း၊ ရဲတပ်ဖွဲနှင့် ဥပဒေအရ အကာအကွယ် ရယူနိုင်မှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း၊ လူသတ်မှုနှင့် အခြားရာဇ၀တ်မှုများ ဖြစ်ပွားမှုနှုန်း စတာတွေ ပါဝင်ပါတယ်။ Empowerment နဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်မှု၊ ၀န်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများအား ခံစားခွင့်၊ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်မှု၊ စီမံကိန်းရေးရာ ဆုံးဖြတ်ချက်များတွင် ပြည်သူအများ၏ ဆန္ဒသဘောထားပေးပိုင်ခွင့်၊ အစိုးရ ၀န်ဆောင်မှုများအား ပြည်သူအများမှ ကျေနပ်မှု စတာတွေ ပါဝင်ပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (urban development) က အရေးကြီးပါတယ်။ ဒီလို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြို့ပြဆင်းရဲနွမ်းပါးသူများဘက်မှ citizen driven actions များ လုပ်ဆောင်ဖို့လိုအပ်သလို၊ နိုင်ငံတော်ဘက်ကလဲ မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိ ရောက်ရောက် ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


တနိုင်တပိုင် စီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာစေရန် အားပေးကူညီမှု

မြို့ပြမှာ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ခြင်း၊အလုပ်လက်မဲ့နှုန်းလျော့နည်းခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိလာစေနိုင်ပါတယ်။ အချို့လူတွေဟာ အရောင်းအ၀ယ် လုပ်ငန်းများအတွက် အတွေးအမြင်ရှိပေမယ့် စတင်ရန် ငွေအရင်းအနှီး မရှိတဲ့ အခက်အခဲကို ကြုံကြရတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများက အသေးစားငွေချေးပေးတဲ့ အင်စတီကျူးရှင်းများ (Micro Finance Institutions) တည်ထောင် ခြင်းဖြင့် အားပေးကူညီနိုင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ဆောင်ရွက်မှု

မြို့ပြဆင်းရဲနွမ်းပါးသူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးအတွက် အခွန်နှုန်းထားများလျှော့ချခြင်း၊ အလုပ်အကိုင်တိုးချဲ့မှုကို ခက်ခဲကြန့်ကြာစေသော နည်းဥပဒေများအား ရုတ်သိမ်းခြင်း၊ အမျိုးသမီးများ လုပ်ငန်းခွင် ၀င်နိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးစင်တာများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်းခွင်သင်တန်းများပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေနိုင်သော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးကူညီခြင်း စတဲ့ မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။

မြို့ပြစိုက်ပျိုးရေး (urban agriculture) ကဏ္ဍ ဖန်တီးဖော်ဆောင်မှု

မြေပိုမြေလျှံအနည်းငယ်ရှိသူများအနေနဲ့ တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့်ဖြစ်စေ၊ အခြားစိုက်ပျိုးနိုင်သူများအား မြေပိုငှားရမ်း အသုံးပြုစေခြင်းဖြင့် ဖြစ်စေ မြို့ပြစိုက်ပျိုးရေးကဏ္ဍတွေကို ဖန်တီးဖော်ဆောင်နိုင်ပါတယ်။ နိုင်ငံတော်ပိုင် အသုံးပြုဖော်ဆောင်ထားခြင်း မရှိသော မြေပိုမြေလျှံများကို စိုက်ပျိုးရေးကဏ္ဍအတွက် ဆင်းရဲနွမ်းပါးသူများကို ငှားရမ်းအသုံးပြုစေခြင်းဖြင့်လဲ မြို့ပြစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင် အားပေးကူညီမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မြို့ပြစိုက်ပျိုးရေးသမားများအတွက် လိုအပ်သောနည်းပညာများ ပံ့ပိုးပေးခြင်း၊ အကြွေးရယူသုံးစွဲနိုင်ခွင့် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ၀န်ဆောင်မှုများပေးခြင်း စတဲ့ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီခြင်း

ဆင်းရဲနွမ်းပါးသူတွေအနေနဲ့ မုန့်လုပ်ခြင်း၊ စက်ချုပ်လုပ်ငန်း၊ ဇာထိုးပန်းထိုးလုပ်ငန်း စတဲ့ တနိုင်တပိုင် အိမ်တွင်းမှု လုပ်ငန်းတွေကို ဆိုင်ခန်းငှားရမ်းပြီး လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် မိမိအိမ်မှာနေပြီး အလုပ်လုပ်လို့ရတဲ့ အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီဖို့လိုပါတယ်။ ဒီလိုအိမ်တွင်းမှုလုပ်ငန်းများကို အားပေး ကူညီရေးအတွက် အခြေခံအဆောက်အအုံ (လျှပ်စီးမီး၊ သန့်ရှင်းသောရေ၊ ဆက်သွယ်ရေး စသည်) ဆိုင်ရာ ၀န်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်း၊ အသေးစားငွေချေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အိမ်တွင်းမှု သင်တန်းများပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ၀န်ဆောင်မှုပေးခြင်း၊ ဈေးကွက်များဖော်ဆောင်ပေးခြင်း၊ လုပ်ငန်းတည်ထောင်မှု ဆိုင်ရာ အကြံဥာဏ်များပေးခြင်း စတဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

လူမှုထောက်ကူအခွင့်အလမ်းများ ပံ့ပိုးပေးခြင်း

မြို့ပြဆင်းရဲနွမ်းပါးသူများဟာ များသောအားဖြင့် ပုံမှန်လုပ်ခလစာတွေအပေါ်မှာ မှီပြီး ရပ်တည်နေသူများ မဟုတ်ကြပါဘူး။ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရသူများ ဖြစ်ပါတယ်။ ဒါကြောင့် အစာအာဟာရ ပြည့်စုံလောက်ငရေးအတွက် ငွေကြေး (သို့မဟုတ်) အစားအစာ ပေးဝေခြင်း စတာတွေနဲ့ ကူညီဖြည့်ဆည်းပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ အစိုးရအနေနဲ့ safety-net intervention policies များ ချမှတ်ဆောင်ရွက်နိုင်သလို၊ အန်ဂျီအို လူမှုရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများသို့ အကူအညီတောင်းခံခြင်း ဆိုင်ရာ မူဝါဒတွေကို ချမှတ် ဆောင်ရွက်နိုင်ပါတယ်။

မြို့သစ်များ ဖော်ဆောင်ပေးခြင်း

ကျူးကျော်ရပ်ကွက်များ၊ ရထားလမ်း၊ ကားလမ်း၊ မြစ်ကမ်းဘေးမှာ နေထိုင်နေရသူများအတွက် မြို့သစ်များ ဖော်ဆောင်ပေးပြီး၊ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ သန့်ရှင်းသောရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြို့သစ်များ အနီးတွင် စက်မှုဇုံများ တည်ထောင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျောင်းများနှင့် ဆေးရုံများ ဆောက်လုပ်ပေးခြင်း စတွာေကို ပြုလုပ်နိုင်ပါတယ်။

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး (good urban governance)

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု၊ အများပြည်သူ ပူးပေါင်းပါဝင်မှု၊ စွမ်းရည်တိုးတက်မြင့်မားမှု၊ လာဘ်စားမှုများကို တိုက်ဖျက်နှိမ်နင်းရေး စတဲ့ကဏ္ဍတွေမှာ သင့်လျော်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ ရပ်ရွာဖွံ့ဖြိုးရေးဆောင်ရွက်နေသော အရပ်ဘက်လူ့အဖွဲ့များမှ တာဝန်ရှိသူများရဲ့ စွမ်းရည်မြင့်မားမှုကလဲ အရေးပါတဲ့အတွက် စာတွေ့၊ လက်တွေ့သင်တန်းများ ပေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ပညာများကို ဖြန့်ဖြူးပေးဖို့ လိုအပ်ပါတယ်။

လူသားလုံခြုံရေး (Human Security) ရှိလာစေရန် ကာကွယ်စောင့်ရှောက်ခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ရာဇ၀တ်မှု ထူပြောခြင်းတို့အကြားမှာ ထင်သာမြင်သာတဲ့ ဆက်စပ်မှုတွေ ရှိပါတယ်။ ရာဇ၀တ်မှုများကို တားဆီးကာကွယ်နှိမ်နင်းခြင်း၊ လူသားလုံခြုံရေးရှိလာစေရန် ပြည်သူအများအား ကာကွယ် စောင့်ရှောက်ခြင်း၊ ဥပဒေအခွင့်အလမ်းများ ခံစားခွင့်ရှိစေခြင်း၊ ဥပဒေဘက်တော်သားများအား လူထုမှ ယုံကြည်မှု တိုးပွားလာစေခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

နိဂုံး

ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများထက်စာရင် မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒတွေက မူဝါဒရေးရာ ချမှတ်ဆောင်ရွက်နေသူများအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ပိုမိုတွေ့ကြုံစေနိုင်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု၊ မြို့ပြလူတန်းစားကွာဟမှု ပြဿနာတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တစထက်တစ ကြီးထွားလာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးက အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၃၁၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Baker, J. & Schuler, N. (2004) Analysing Urban Poverty: A summary of methods and approaches, World Bank Policy Research Working Paper 3399, World Bank, Washington DC.

Baharoglu, D. & Kessides, C. (2002) “Urban Poverty” in Klugman (ed.) A sourcebook for poverty reduction strategies: Volume 2: Macroeconomic and sectoral approaches, World Bank, Washington DC.

Urban Poverty and the Working Poor: FACING THE CHALLENGES OF URBANIZATION AND URBAN POVERTY IN ASIA AND THE PACIFIC, Committee on Poverty Reduction, Economic and Social Commission on Asia and Pacific, Fourth Session, 12-14 December 2007, Bangkok