Showing posts with label Concepts. Show all posts
Showing posts with label Concepts. Show all posts

Sunday, September 4, 2011

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး




ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှုထောင့်တွေနဲ့ ကျားမကွဲပြားမှု (gender)၊ သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည် (economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမှု-ယဉ်ကျေးမှုစွမ်းရည် (socio-cultural capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြားသတ်မှတ်ကြပါတယ်။



စီးပွားရေးစွမ်းရည် ဆိုတာ ၀င်ငွေရရှိမှု၊ စားသုံးမှုနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ သက်ဆိုင်ပါတယ်။ လူသားတွေဆီမှာ စီးပွားရေးစွမ်းရည်တွေရှိခြင်းဟာ အစားအစာ ဖူလုံရေး၊ ရုပ်ဝတ္ထုပစ္စည်း တိုးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် အဓိကကျပါတယ်။ ဆင်းရဲနွမ်းပါးသူတွေဟာ ဘဏ္ဍာရေးအရင်းအမြစ် (ချေးငွေရရှိသုံးစွဲနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်များ) နဲ့ သဘာဝသယံဇာတ အရင်းအမြစ် (မြေယာ၊ သစ်တော၊ ရေချိုရေငန် ငါးဖမ်းမှု စသည်များ) ကို အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှသာ ဆင်းရဲတွင်းကနေ လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။

လူသားစွမ်းရည် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသော ရေနဲ့ အမိုးအကာ ရရှိရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီအရာတွေဟာ လူသားတွေရဲ့ ဘ၀ တိုးတက်မြင့်မားရေးအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရောဂါဘယနဲ့ စာတတ်မြောက်မှု မရှိခြင်းဟာ ထုတ်လုပ်မှု လုပ်အားကို ကျဆင်းစေနိုင်ပြီး၊ စီးပွားရေးစွမ်းရည်နဲ့ အခြားစွမ်းရည်များကို ထိခိုက်စေနိုင်ပါတယ်။ လူသားတွေဆီမှာ စာအရေးအဖတ်စွမ်းရည်တွေ ရှိခြင်းအားဖြင့် အများနဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး၊ လူမှုရေးပါဝင်ပတ်သက်မှုနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ပါတယ်။ ပညာရေး (အထူးသဖြင့် အမျိုးသမီးများရဲ့ ပညာရေး) အဆင့်အတန်း မြင့်မားလာမှုဟာ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး၊ သားဆက်ခြားရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေ ထိရောက်ရေးကို အထောက်အကူပြုတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အသုံးဝင်လှပါတယ်။

နိုင်ငံရေးစွမ်းရည် ဆိုတာမှာတော့ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို နိုင်ငံတော်အစိုးရက ချိုးဖောက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း တခုပဲ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မတရားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခြင်းဟာ အများပြည်သူတွေရဲ့ အကြောက်တရားကို တိုးမြင့်စေပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကို ထိခိုက်ကျဆင်းစေပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုဟာ အခြားလူမှုရေး စွမ်းရည်၊ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည်တွေ အပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

လူမှု-ယဉ်ကျေးမှုစွမ်းရည်တွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်နိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေမှာ လူမှုအဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် တန်ဖိုးထားတဲ့ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ပထ၀ီဝင်အနေအထား အားနည်းချက်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေကတော့ စီးပွားရေးနဲ့ အခြား external shocks များကို လူသားတွေက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေဟာ ဆင်းရဲနွမ်းပါးမှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ လုံခြုံမှုမရှိခြင်းဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးကို အတားအဆီးဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ငတ်မွတ်ခေါင်းပါးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ မှုခင်းထူပြောမှု၊ စစ်မက်ဖြစ်ပွားမှု စတာတွေဟာ စိုးရိမ်ပူပန်စရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားပျက်ကပ်တွေနဲ့ ပဋိပက္ခတွေကြောင့် လူအများက ဆင်းရဲတွင်းထဲကို ကျသွားလိုက်၊ ပြန်တက်ရန် ကြိုးစားလိုက်နဲ့ သံသရာလည်ရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ကွဲပြားခြားနားတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်တွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေ ကြသလို ကျားမကွဲပြားမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နဲ့လဲ ဆက်နွယ်နေပါတယ်။ ကျားမတန်းတူညီမျှရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေနိုင်ပြီး၊ သဘောဝပတ်ဝန်းကျင်ရေးရာ အချက်တွေကလဲ ကျားမဆက်ဆံရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ကျားမတန်းတူညီမျှရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ရည်မှန်းချက်ပန်းတိုင်တွေလဲ ဖြစ်ပါတယ်။

ကျားမ တန်းတူညီမျှခြင်းမရှိမှု (Gender inequality) ဟာ ဆင်းရဲနွမ်းပါးမှု ရှုထောင့်မျိုးစုံနဲ့ သက်ဆိုင် ပါတယ်။ အချို့သော လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေမှာ အမျိုးသားတွေကို ပိုပြီး ဦးစားပေးမှုနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေ တတ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကွဲပြားစွာ သက်ရောက်မှု ရှိစေပြီး၊ အမျိုးသမီးတွေ အပေါ်မှာ ပိုမို ထိခိုက်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရဲ့ စားသောက်ကုန်၊ လူသုံးကုန်သုံးစွဲနိုင်မှု အချိုးအစားဟာ အမျိုးသမီးတွေ အတွက် ပိုမိုလျော့နည်းပါတယ်။ ဓလေ့ထုံးစံအရ စားသောက်ဖွယ်ရာတွေကို အမျိုးသားကို ပိုမိုဦးစားပေးတာ၊ သမီးမိန်းကလေးကို ကျောင်းနှုတ်ပြီး သားယောက်ျားလေးကို ကျောင်းဆက်ထား တာတွေလဲ ရှိတတ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်အမျိုးသားတွေ၊ ဖခင်တွေ၊ အစ်ကို-မောင်တွေရဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဘ၀ကိုလဲ အလွယ်တကူ ကျရောက်တတ် ပါသေးတယ်။ အချို့လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်းက အမျိုးသားတွေထက် ပိုမိုနည်းပါးပြီး၊ နိုင်ငံရေးအရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံ ခံရတာတွေလဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ကျော်လွှားနိုင်သော စွမ်းရည်တွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးလေ့ရှိတာကြောင့် ဆင်းရဲနွမ်းပါးမှုရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေက ပိုမိုခံရလေ့ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေရဲ့ အသက်ရှင်ရပ်တည် နေထိုင်ရေးနဲ့ အခြေခံ လူသားစွမ်းရည် တိုးမြင့်လာရေးတို့အတွက် အရေးပါသူများ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိနိုင်မှု အခွင့်အလမ်းတွေ နည်းပါးခြင်းဟာ မိသားစုဝင်ငွေကို နည်းပါးစေသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကိုလဲ ထိခိုက်စေနိုင်ပါတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားတွေကို အပြည့်အ၀ အသုံးချနိုင်မှု လျော့ကျစေပါတယ်။ ဒါကြောင့် ကျားမ တန်းတူညီမျှခြင်း မရှိမှုဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုအပြင်၊ တိုင်းပြည်တခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းတရားတခုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာတွေကလဲ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်နေပါတယ်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများရဲ့ အသက်ရှင် ရပ်တည်ရေးကို သက်ရောက်မှုရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကလဲ လူသားတွေအပေါ် ကျရောက်စေတတ်ပါတယ်။ ကျေးလက်ဒေသတွေမှာ မြေဆီလွှာ ခြောက်ခန်းမှု၊ သစ်တောပြုန်းတီးမှုနဲ့ သားငါးရှားပါးမှုတွေဟာ လူသားတွေရဲ့ အသက်ရှင် ရပ်တည်ရေးကို တစထက်တစ ခြိမ်းချောက်လာပါတယ်။

သန့်ရှင်းသောရေ မရရှိမှုကြောင့်လဲ ၀မ်းပျက်ဝမ်းလျှောရောဂါဆိုးတွေ ကျရောက်စေနိုင်ပါတယ်။ စိုက်ပျိုးထွန်ယက်ရေး အတွက် ကောင်းမွန်တဲ့ လယ်ယာမြေနဲ့ သန့်ရှင်းသောရေ ရရှိရေးဟာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် သဘာဝ အရင်းအမြစ်တွေကို ရေရှည်ခံအောင် စနစ်တကျ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို အမျိုးသားရေး လုပ်ငန်းဆောင်တာတွေအနေနဲ့ ပညာပေးဖြန့်ဖြူးဖို့ လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုးတွေဖြစ်တဲ့ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း စတာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဒီလိုသဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပွားလာခဲ့ ပိုပြီး ဆုံးရှုံးမှု များတတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းဆောင်တာများကို မကျွမ်းကျင်မှု၊ ကယ်ဆယ်ရေး ထောက်ကူကိရိယာများနဲ့ လူ့စွမ်းအား မလုံလောက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှု၊ အလွဲသုံးစားပြုမှု စတာတွေဟာ လူအများကို ဆင်းရဲတွင်းထဲကို နက်သထက်နက်အောင် တွန်းပို့ပေးတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ စီမံကိန်းတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ချမှတ် အကောင်အထည် ဖော်ဆောင်ရုံနဲ့တင် တိုက်ဖျက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုကို အန်တုနိုင်ဖို့အတွက် စီးပွားရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှု-ယဉ်ကျေးမှုစွမ်းရည်၊ လူသားစွမ်းရည်နဲ့ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည် စတဲ့ ရှုထောင့်စုံ စွမ်းရည်တွေ လူ့အဖွဲ့အစည်းမှာ ရှင်သန်ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ကျားမ တန်းတူညီမျှမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုနိုင်မှုဟာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၆၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Allen, T. & Thomas, A. (eds.) (2000) Poverty and Development into the 21st century, Oxford University Press, Oxford
OECD (1998) DAC Source Book on Concepts and Approaches Linked to Gender Equality, OECD publications, Paris
OECD (2001) Poverty reduction: International Development, OECD publications, Paris

ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ



ကောင်းကျိုး၊ ဆိုးကျိုးစတဲ့ အကျိုးတရားတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်ရှာဖွေပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှုတွေကို ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့ ဘက်ပေါင်းစုံက ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တဘက်ထဲက ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုရုံနဲ့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ကနဦး ရှာဖွေဖော်ထုတ်နိုင်မှသာ ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးကျေးဇူး ရှိလာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ ရာသီဥတု အခြေအနေ၊ ပထ၀ီဝင် အနေအထား စတာတွေန့ ဆက်စပ်သလို ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) အရည်အသွေး မပြည့်မှီမှုကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာအလွဲ သုံးစားပြုမှုတွေ၊ ဈေးကွက်ကို အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ နီးစပ်သူများကသာ ထိန်းချုပ်ထားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အုပ်ချုပ်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေက ဆန္ဒမရှိမှုတွေဟာ ကောင်းမွန်သော အုပ်ချုပ်ရေး အားနည်းနေတဲ့ လက္ခဏာတွေပါပဲ။

ဒီလို ဆိုးရွားသော အုပ်ချုပ်ရေး (bad governance) လက္ခဏာရပ်တွေဟာ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အတားအဆီးတွေ ဖြစ်လာတတ်ပါတယ်။ ကျားမခွဲခြားမှု၊ လူဦးရေအဆမတန် တိုးပွားမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်သလို၊ လူငယ်လူရွယ်တွေနဲ့ ကလေးသူငယ်တွေမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါဆိုး ပျံ့ပွားခံစားရခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အပါအ၀င် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသူပညာရှင်များက ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်း အဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများဆိုပြီး၊ အကြောင်းရင်း (၃) မျိုး ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ တိုင်းပြည်အဆင့်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ရောက်မှု ရှိစေတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရာသီဦတု ဆိုးရွားမှု၊ မိုးခေါင်ရေရှားမှု၊ မြစ်ချောင်းအင်းအိုင်ရှားပါးမှု၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးထွန်ယက်ခြင်းများ ဖြစ်ထွန်းအောင်မြင်နိုင်မည့် မြေယာရှားပါးမှု စတဲ့ သဘာဝ အကြောင်းတရားတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်သူများဟာ သူတို့ရဲ့ ထွက်ကုန်တွေ ဈေးပေါပေါနဲ့ တန်ဖိုးဖြတ်ခံရပေမယ့် လူသုံးကုန်၊ စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူတဲ့ အခါမှာတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးကြီးကြီးပေးပြီး ၀ယ်ယူကြရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုများ အားနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးခြင်းနဲ့ ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း စတဲ့ အကြောင်းတရားတွေဟာ လူအများကို ဆင်းရဲတွင်းထဲ ပို့ဆောင်ပေးပါတယ်။

အခြားအရေးကြီးတဲ့ တိုင်းပြည်အဆင့် အကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒများ ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ခြင်း မရှိမှု၊ စီးပွားရေးမတည်ငြိမ်မှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ဈေးကွက် မတည်ငြိမ်မှု၊ ပညာရှင်များရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်တားဆီးခံရမှု၊ စစ်မက်ဖြစ်ပွားမှု၊ လူသားလုံခြုံရေး (Human security) အားနည်းမှု၊ တရားစီရင်ရေးဆိုင်ရာ မမျှတမှု စတာတွေပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ domestic institutions တွေနဲ့ social welfare system မရှိပဲ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှုတွေဟာလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ထဲမှာ ပါဝင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ကျားမ ခွဲခြားမှုတွေကြောင့် တန်းတူညီမျှမှု မရှိတာကလဲ poverty gap တွေ ဖြစ်ပွားစေပါတယ်။

တိုင်းပြည်အဆင့် ဆင်းရဲနွမ်းပါးမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေတာကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူအများ သေကြေပျက်စီးမှု၊ ရွာများ ဖျက်ဆီးမီးရှို့ခံရမှု၊ ရွှေ့ပြောင်းနေရာ ချထားခြင်း ခံရမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ကုန်စီးဆင်းမှု မချောမွေ့မှု၊ အလုပ်လုပ်နိုင်သော လူငယ်လူရွယ်များ စစ်မြေပြင်မှာ ရောက်ရှိနေမှု၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှု၊ စစ်အသုံးစရိတ်များ ကြီးမားမှု စတာတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။

လူ့အဖွဲ့အစည်းအဆင့် (community-level) မှာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းကတော့ infrastructure နဲ့ သက်ဆိုင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး လမ်းမကြီးများနှင့် ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ဒေသတွင်းမှာ ကျောင်းများနဲ့ ဆေးရုံ၊ ဆေးခန်းများ ရှိခြင်း၊ မြေယာခွဲဝေမှု စနစ်တကျရှိခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များပြားခြင်း၊ လူမှုကိုယ်စားပြုမှု ရှိခြင်း စတာတွေဟာ Infrastructure Development ရဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသွင်ပြင်လက္ခဏာတွေ ချို့တဲ့မှုဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအဆင့်မှာ နောက်ထပ် အရေးပါတဲ့ အကြောင်းရင်းကတော့ ၂၁ ရာစုကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ လူမှုကွန်ယက်များ (social networks) နဲ့ လူမှုအရင်းအနှီး (social capital) ပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လူမှုအင်စတီကျူးရှင်းများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကွန်ယက်များ တည်ထောက်ခြင်းဖြင့် လူမှုအရင်းအနှီး တိုးပွားလာစေပြီး၊ ဆင်းရဲနွမ်းပါးသူများရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူမှုကွန်ယက်များနဲ့ လူမှုရေးအဖွဲ့အစည်းများဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပေးနိုင်တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုပါတယ်။

အိမ်ထောင်စု အဆင့်မှာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ အိမ်ထောင်စုအရွယ်အစား၊ အိမ်ထောင်စု ဖွဲ့စည်းမှုသဏ္ဍာန်၊ ၀င်ငွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေစတာတွေနဲ့ သက်ဆိုင်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ငယ်ရွယ်သူ ကလေးသူငယ်များ အများစု ပါဝင်တဲ့ အိမ်ထောင်စုတွေဟာ အလုပ်လုပ်နိုင်သော အသက်အရွယ် လူအများစုပါဝင်တဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးတတ်ပါတယ်။ လူငယ်များ အိမ်ထောင်ဦးစီးပြုတဲ့ အိမ်ထောင်စုတွေဟာ လူလတ်ပိုင်းများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ မှီခိုသူများတဲ့ အိမ်ထောင်စုတွေဟာ အိမ်ရှိလူကုန် အလုပ်လုပ်ကြတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။

အမျိုးသမီးများ ဦးစီးတဲ့ အိမ်ထောင်စုတွေဟာလဲ အမျိုးသားများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ အလုပ်တာဝန် ထမ်းဆောင်မှုတွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်တတ်လေ့ရှိပေမယ့် ကျားမတန်းတူ ညီမျှမှု မရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘ၀ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခွင့် အခွင့်အလမ်းတွေ ရှားပါးကြပါတယ်။ ပညာအရည်အချင်း ကွာဟမှု၊ အိမ်ထောင်ဘက်အမျိုးသားများက အလုပ်လုပ်ခွင့် မပေးမှု၊ လုပ်ခလစာ လျော့နည်း ရမှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း နည်းပါးမှု စတာတွေကြောင့် ဆင်းရဲတွင်းထဲ ရောက်နေကြရတဲ့ အမျိုးသမီးတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိပါတယ်။

အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ အိမ်ထောင်စုဝင်များရဲ့ ကျန်းမာရေး ဆိုးရွားမှု အခြေအနေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဆိုရင် ဆေးရုံ၊ ဆေးခန်းများနဲ့ ကွာဝေးမှု (ဥပမာ- နယ်များမှ မြို့သို့တက်၍ ဆေးကုရခြင်း)၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ် မရှိမှု စတာတွေကြောင့် ဆေးကုသစရိတ်ကုန်ကျမှုနဲ့ အိမ်ထောင်စုဝင်ငွေဟာ အချိုးမညီနိုင်ပဲ ဆင်းရဲတွင်းထဲ ကျဆင်းသွားကြ ရပါတယ်။

ပညာရေးစနစ် အားနည်းချက်ကြောင့် မလိုအပ်ပဲ ကုန်ကျရတဲ့ ကျောင်းလခ၊ ဆရာ-ဆရာမများကို ပူဇော်ခ၊ ကျူရှင်လခ၊ မေးခွန်းလိုက်ခ၊ စာမေးပွဲအောင်ကြေး၊ ကျောင်းခန်း ရေအိုးဖိုး၊ တံမြက်စည်းဖိုး စတာတွေကလဲ အိမ်ထောင်စုရဲ့ စားဝတ်နေရေး အခြေအနေကို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ကုန်ကျစရိတ်များကြောင့် မိဘများက ကျောင်းမထားနိုင်ပဲ အလုပ်ကြမ်းများ လုပ်ခိုင်းရတဲ့ အခါမှာလဲ ကလေးသူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပြန်ပါတယ်။ တခါ ပညာမတတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှု သံသရာထဲကနေ သားစဉ်မြေးဆက် ရုန်းမထွက်နိုင်တဲ့ အိမ်ထောင်စုတွေ အများအပြား ရှိပါတယ်။

အိမ်ထောင်စုဝင်တွေရဲ့ အရက်သေစာ သောက်စားမှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစား ပြုလုပ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (မိန်းမလိုက်စားမှု) စတာတွေကလဲ အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့်ဖြစ်စေ၊ ရာဇ၀တ်မှုခင်းများကြောင့် ဖြစ်စေ၊ ထောင်သွင်းအကျဉ်းချခံထားရသူများ အိမ်ထောင်စုထဲမှာ ရှိနေရင်လဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေပါတယ်။ တရားမ မှုခင်းများကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရမှုများလဲ အချိန်နဲ့ အမှုအခင်းကုန်ကျစရိတ်များကြောင့် ဆင်းရဲနွမ်းပါးမှု ဖြစ်စေတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို ခွဲခြားစိတ်ဖြာပြီး၊ ပြင်ဆင်မှုများ၊ ရှောင်ကြဉ်မှုများ၊ ပြုပင်ပြောင်းလဲမှုများ၊ ဖြည့်ဆည်းမှုများကို စနစ်တကျပြုလုပ်နိုင်မှသာ ထိရောက်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်းအဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ၊ လူမှုကွန်ယက်ချိတ်ဆက်ရေး လှုပ်ရှားမှုများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Haughton, J. & Khandker, S. (2009) Handbook on Poverty and Inequality, World Bank, Washington DC.
UNESCO (2002) Social Capital and Poverty Reduction: Which role for the Civil Society Organizations and the state?, Paris

ဆင်းရဲနွမ်းပါးမှု ဆိုရာဝယ်



ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။


ပထမ cluster ကတော့ ၀င်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ၀င်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ၀င်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။

ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ၀င်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။

တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။

ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။

ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။

ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ၀င်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အ၀ရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)


ရည်ညွန်းကိုးကား။ ။

Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.