Sunday, September 4, 2011

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး






ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။



ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက်ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မမြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာတတ်ပါတယ်။

ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါတယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။


အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါးသူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေကနေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေတတ်ပါတယ်။

ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက်ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက်အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။

ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

(၂) Land Inequality လျှော့ချခြင်း

မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်းပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။

(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု

ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။

စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်းကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက်ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပြုပါတယ်။

(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း

စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ်သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာတွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှသော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များ ဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။

အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင်ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။

Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong

Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London

Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.

Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.

Micro Finance and Poverty Reduction





နိဒါန်း

ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ ….မြို့မှာ အကြော်များကို ဗန်းကလေးထဲ ထည့်ပြီး လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံလုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်းဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူအညီတောင်းပေမယ့် ဘ၀တူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။



ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအများအပြားမှာ ဒေါ်မြမေလိုပဲ ဆင်းရဲနွမ်းပါးမှုသံသရာကနေ ရုန်းထွက်ဖို့ အရင်းအနှီးမရှိသူတွေ အများအပြား ရှိနေပါတယ်။ ဘဏ္ဍာရေးဝန်ဆောင်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဘဏ်တွေက ငွေချေးဖို့ ခဲယဉ်းတာကြောင့် ရပ်ကွက်၊ ကျေးရွာမှာ ရှိတဲ့ ငွေတိုးချေးစားသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းများထဲမှ ချေးငွေ (informal credit) ကို အားကိုးကြရပါတယ်။ ဒီလို အားကိုးရာမှာလဲ အတိုးနှုန်းတွေက မြင့်မားခြင်းနဲ့ မိတ်ဆွေများထံမှ ငွေကို ရေတိုကာလအတိုင်းအတာ တခုအထိသာ ချေးယူနိုင်မှု စတာတွေကြောင့် တပိုင်တနိုင် စီးပွားဖြစ် လုပ်ငန်းဆောင်တာလေးတွေ လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေ၊ ဗဟုသုတတွေလဲ ရဖို့ ခဲယဉ်းကြပါတယ်။

ဒီလို အခြေအနေတွေ ကြုံနေရသူတွေအတွက် ထွက်ပေါက်လိုပါတယ်။ ဒီထွက်ပေါက်ကတော့ microfinance ပဲ ဖြစ်ပါတယ်။

Microfinance ဆိုရာဝယ်


Micro ဆိုတာကို "သေးငယ်သော" လို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရှူထောင့်ကနေ ရှုမြင်သုံးသပ်တဲ့အခါ သေးငယ်သော စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ၊ တနိုင်တပိုင်လုပ်ကိုင်သော ကိုယ်ပိုင် စီးပွားရေးသမားများ၊ ၀င်ငွေနည်းပါးသော လူထုလူတန်းစားများ စတာတွေနဲ့ ဆက်စပ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဆိုရာမှာလဲ စီးပွားရေးချေးငွေများ၊ ပညာရေးချေးငွေများ၊ စုဆောင်းငွေများနဲ့ အသေးစာအာမခံ လုပ်ငန်းများ စတာတွေနဲ့ ဆက်စပ်ပါတယ်။

Microfinance ဆိုတာမှာ ဒီလိုတိုက်ရိုက်ဘဏ္ဍာရေး ၀န်ဆောင်မှုတွေအပြင် စီးပွားရေးအကြံဥာဏ်နှင့် အခွင့်အလမ်းဆိုင်ရာ ၀န်ဆောင်မှုတွေ၊ ငွေစာရင်းရေးဆွဲမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းတွေ၊ ပြည်သူ့ ကျန်းမာရေး ပညာပေးမှုတွေ၊ အစားအစာနှင့် အာဟာရသန့်ရှင်းရေး လမ်းညွှန်ဆွေးနွေးမှုတွေစတဲ့ ဘဏ္ဍာရေး မဟုတ်သော ၀န်ဆောင်မှုများပါ ဆက်နွယ် ပတ်သက်နေပါတယ်။

ဒါကြောင့် Mircrofinance ဆိုတာကို သမရိုးကျ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ခံစားခွင့်မရရှိသူများအား ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အခြားဝန်ဆောင်မှုများ ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ရှိပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် ၀န်ဆောင်မှုတွေဟာ ၀န်ဆောင်မှုပေးအပ်ရမယ့် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ၀န်ဆောင်မှုတွေ ဖြစ်ဖို့ လိုအပ်တဲ့ အချက်ကိုတော့ လူအများက လက်ခံထားကြပါတယ်။

Microfinance Institutions (MFIs)


Microfinance ၀န်ဆောင်မှုများ ပေးဖို့အတွက် လူမှုရေးအမြင်နဲ့ ရည်မှန်းချက်များရှိတဲ့ အန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေ၊ ဘဏ်တွေ စတဲ့ Microfinance Institutions (MFIs) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက microfinance ၀န်ဆောင်မှုတွေ ပေးအပ်လာကြတာ ရှိပါတယ်။ သို့ပေမယ့် ဒီလို လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအမြင်၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေနဲ့ ရောထွေးသွား စေနိုင်တဲ့အတွက် နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆက်စပ်မှုတွေ၊ ပေါင်းစည်းဆောင်ရွက် ရမှုတွေ ရှိနိုင်တယ်ဆိုပေမယ့် သွင်ပြင်လက္ခဏာနဲ့ ရည်မှန်းချက်တွေ မတူညီတဲ့အတွက် သီးခြား အဖွဲ့အစည်း တွေအနေနဲ့ ရပ်တည်လုပ်ဆောင်သင့်ပါတယ်။

Microfinance Institutions (MFIs) တွေမှာ အခြား နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းတွေနဲ့ ကွဲပြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ MFI တွေဟာ informal credit ကို အစားထိုးပြီး ချေးငွေနဲ့ အခြား ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးကြရပါတယ်။ ဒီလို ပေးအပ်ရမှာ ပေါင်နှံစရာပစ္စည်း လိုအပ်ခြင်း မရှိပါဘူး။ ချေးငွေရယူမှု လုပ်ငန်းဆောင်တာတွေက ရိုးရှင်းပြီး၊ စာရွက်စာတမ်း အချက်အလက်ဖြည့်စွက်ရမှုများက သမရိုးကျဘဏ်တွေထက် ပိုပြီး လျော့နည်းပါတယ်။

များသောအားဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် solidarity groups များ စုဖွဲ့စေပြီး၊ အုပ်စုရဲ့ လူမှုအာမခံ (social insurance) ပေါ်မှာမူတည်ပြီး ချေးငွေ ပေးလေ့ရှိပါတယ်။ ပြီးတော့ ချေးငွေ ပြန်လည်ပေးဆပ်ရမှု အနေအထားကလဲ တဦးချင်းလိုအပ်ချက်နဲ့ အညီသတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကျိုးအမြတ် ရယူရေး ရည်မှန်းချက်နဲ့ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် ဆင်းရဲနွမ်းပါးရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အခြေခံ လူထုလူတန်းစားများကို အဓိကထားပြီး ဆောင်ရွက်ပေးရတဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။

Microfinance institutions များရဲ့ ရည်ရွယ်ချက်တွေကတော့ အမြတ်ကြီးစား ငွေတိုးချေးစားသူတွေရဲ့ ဆင်းရဲနွမ်းပါးသူများအပေါ် အနိုင်ကျင့်အခွင့်ကောင်းယူနေမှုများကို ရပ်တန့်ရန်၊ ဆင်းရဲနွမ်းပါးသူများကို အကုန် အကျ အနည်းဆုံး၊ သင့်လျော်သော အတိုးနှုန်းတွေနဲ့ ချေးငွေများ ရရှိစေရန် ကူညီပံ့ပိုးပေးရန်၊ စီးပွားရေးနှင့် လူမှုရေး အကျိုးကျေးဇူးဖြစ်ထွန်းစေသော ထင်သာမြင်သာသည့် ပရိုဂျက်များကို ဘဏ္ဍာရေး ထောက်ကူပေးရန်၊ အိမ်ထောင်စုများ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွင် ၀င်ငွေက အရေးပါသည်ဖြစ်ရာ အမျိုးသမီးများ၏ ၀င်ငွေ အခွင့်အလမ်းများ တိုးတက်များပြားလာခြင်းဖြင့် ကျားမတန်းတူညီမျှမှု ရရှိလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရန်၊ တပိုင်တနိုင် ကိုယ်ပိုင်လုပ်ငန်းလေးများမှ အိမ်ထောင်စုအတွက် လိုအပ်မျှတသော ၀င်ငွေများ ရရှိလာစေရန် နှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန် စတာတွေ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဆောင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှုများ

Microfinance ကို development tool တခုအနေနဲ့ အသုံးပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျေးရွာ အချို့မှာ Microfinance အသုံးပြုခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးသက်ရောက်မှုတွေကို ပညာရှင် Khandker ဆိုသူက လေ့လာခဲ့ကြရမှာ ငါးနှစ်အတွင်းမှာ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ငါးရာခိုင်နှုန်းနှင့် ဆယ်ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်မှ ပညာရှင် Marguerite Robinson ဆိုသူက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဘဏ္ဍာရေး ၀န်ဆောင်မှုများ ပေးခြင်းအားဖြင့် အိမ်ထောင်စုများ၏ ဘဏ္ဍာရေး စီမံခန့်ခွဲနိုင်စွမ်း တိုးတက်မှု ရှိလာခြင်း၊ ထုတ်လုပ်နိုင်စွမ်း မြင့်မားလာခြင်း၊ သေးငယ်သော စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လာနိုင်ခြင်း၊ ၀င်ငွေတိုးပွား လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်တာကြောင့် Microfinance ဟာလဲ အခြား စက်မှုတော်လှန်ရေး (Industrial Revolution) နဲ့ အိုင်တီတော်လှန်ရေး (IT Revolution) စတာတွေလိုပဲ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ပေါ်ထွက်လာတဲ့ တော်လှန်ရေးတရပ်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။

ယူကေနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးလေ့လာမှုသိပ္ပံမှ ပညာရှင်များဖြစ်ကြတဲ့ Neil McCulloch နဲ့ Baulch တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ၀င်ငွေအတက်အကျဖြစ်မှု (income fluctuations) ကို ထိန်းသိမ်းခြင်းအားဖြင့် ရေတိုကာလမှာ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေနိုင်တဲ့အတွက် Microfinance ကို အသုံးပြုရန် လိုအပ်ကြောင်းနဲ့ ရေရှည်ကာလမှာ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအတွက် လူသားအရင်းအမြစ် (Human capital) ပေါ်ထွက်လာအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အာဖရိကတိုက်၊ ဇင်ဘာတွေနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့ကြတဲ့ Carolyn Barnes နဲ့ Erica Keogh ဆိုသူတို့ကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် နှစ်ဆခန့် ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လက်တင်အမေရိကတိုက်၊ ပီရူးနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့တဲ့ Elizabeth Dunn ဆိုသူကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာလဲ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး၊ Below the poverty line မှာ Microfinance အသုံးပြုသူ နှစ်ဆယ့်ရှစ်ရာခိုင်နှုန်းသာရှိပြီး၊ အသုံးမပြုသူ လေးဆယ့် တစ်ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

စုဆောင်းရေးက ပထမ လား၊ အကြွေးက ပထမ လား (Savings First Vs Credit First)

(၁၉၅၀) ကာလတွေမှာတုန်းက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် စုဆောင်းငွေရှိရေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆနဲ့ savings mobilization တွေ ကမ္ဘာတ၀ှမ်းမှာ ခေတ်စားခဲ့ပါတယ်။ (၁၉၈၀) နှောင်းပိုင်း ကာလတွေရောက်တော့ အကြွေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆသစ်တွေ ခေတ်စားလာခဲ့ပြီး၊ အသုံးပြု ဖော်ဆောင်သူတွေနဲ့ လေ့လာသူတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းရှည်ကြာစွာ အငြင်းပွားမှုတွေ ရှိလာခဲ့ကြပြီး၊ နောက်ဆုံးမှာတော့ နည်းလမ်းနှစ်ခုစလုံးမှာ သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာကို လက်ခံလာကြတာနဲ့အမျှ နှစ်မျိုးစလုံးကို အသုံးပြုတဲ့ အင်စတီကျူးရှင်းတွေ ပါ ပေါ်ထွက်လာခဲ့ပါတော့တယ်။

စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် သတင်းအချက်အလက်များ ရရှိခြင်း၊ အကြွေးကဲ့သို့ ပြန်လည် ပေးဆပ်ရမည့် ရက်များ သတ်မှတ်ချက် မရှိခြင်း၊ စုဆောင်းသူများနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ အကြားတွင် ငွေစုသူများ အနေဖြင့် စတင်ခြင်း၊ စုဆောင်းမှုများမှ အတိုးများ ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေများရယူကာ ဘဏ္ဍာရေးဝန်ဆောင်မှုများ စတင်ပြုလုပ်နိုင်ခြင်း၊ အများပြည်သူအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ၀န်ဆောင်မှုပေးနိုင်ခြင်း၊ ၀န်ဆောင်မှု များအား ချဲ့ထွင်နိုင်ခြင်း၊ စုဆောင်းခြင်းနဲ့ ဆက်စပ်တဲ့ transaction costs ကြီးမြင့်မှုများကို ထိန်းချုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။



ဒီလို အကျိုးကျေးဇူးတွေနဲ့ တပြိုင်နက်တည်းမှာပဲ အားနည်းချက်တွေလဲ ရှိနိုင်ပါတယ်။ အကြောင်းအရာတိုင်းဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အားနည်းချက်တွေ ရှိသလို အားသာချက်တွေလဲ ဒွန်တွဲ ရှိနေနိုင်ပါတယ်။ စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် ၀င်ငွေအသင့်အတင့်ရှိသော middle income စီးပွားရေးသမား များကို ဆင်းရဲနွမ်းပါးသူတွေထက် ပိုပြီး အကျိုးကျေးဇူးရှိစေနိုင်ပါတယ်။

ကနဦးအနေနဲ့ ယုံကြည်မှု တည်ဆောက်မှု၊ ပါဝင်သူများကို ပညာပေးမှု၊ ပဏာမ စုဆောင်းငွေရှိလာစေရန် အချိန်အတိုင်းအတာ တခုယူရမှု စတာတွေကြောင့် တည်ထောင်ဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလကလဲ ပိုပြီး ကြာနိုင်ပါတယ်။ ရရှိလာတဲ့ စုဆောင်းငွေများကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စုဆောင်းငွေလုံခြုံရေး၊ အလွဲသုံးစားမှု၊ voting inequities စတဲ့ ပြဿနာတွေ တက်နိုင်ပါတယ်။ စုဆောင်းငွေများကို လွှဲပြောင်းမှု၊ လိုက်လံ သိမ်းယူမှုတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေလဲ များပါတယ်။

အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေ (donor funding) များ၊ ဖောင်ဒေးရှင်းများ၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် (Investment funding) များကို တည်မှီလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးတွေဖြစ်တဲ့ ထုတ်ချေးရန် ချေးငွေများ အလုံအလောက်မရှိမှုနဲ့ ငွေကြေးမတည်ငြိမ်မှု ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဆင်းရဲနွမ်းပါးသူများရဲ့ လူ့အဖွဲ့အစည်းအတွင်းကို တိုက်ရိုက်ဝင်ရောက်အကူအညီပေးမှု၊ empower လုပ်ပေးမှု၊ ပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးမှု စတာတွေမှာ အုပ်ချုပ်ရေးယန္တရားက ထိန်းချုပ်မှုတွေ ပြုလုပ်လာတာတွေ ရှိနိုင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် Microfinance ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပြီးပြည့်စုံသော Development tool တခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် အခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူနည်းလမ်းတွေဖြစ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ခြင်း၊ လူမှုအရင်းအနှီး (social capital) များပြားခြင်း၊ လူမှုဝန်ဆောင်မှု (social services) များဆောင်ရွက်ခြင်း စတာတွေနဲ့ တပြိုင်တည်း ပေါင်းစပ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုနဲ့ နောက်ဆက်တွဲ ပြဿနာများကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၈၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။

Barnes, Carolyn and Keogh , Eric (March 1999) An Assessment of the Impact of Zambuko’s Microenterprise Program in Zimbabwe: Baseline findings. Working Paper. Management Systems International (MSI).

Dunn, Elizabeth. (June 1999) Microfinance Clients in Lima, Peru: Baseline Report for AIMS Core Impact Assessment. University of Missouri-Columbia.

Khandker, Shahid. (2001) Does Micro-finance Really Benefit the Poor? Evidence from Bangladesh, Paper delivered at Asia and Pacific Forum on Poverty: Reforming Policies and Institutions for Poverty Reduction held by the Asian Development Bank, Manila.

McCulloch, Neil and Bob Baulch. (2000) Simulating the impact of Policy upon Chronic and Transitory Poverty in Rural Pakistan, Journal of Development Studies, 36 (6)

Robinson, Marguerite. (2001) The Microfinance Revolution: Sustainable Finance for the Poor, World Bank. Washington.

ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း





တိုင်းပြည်တခုရဲ့ ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို သိရှိဖို့ သင့်လျော်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာ (Measures of poverty) များနဲ့ တိုင်းတာသတ်မှတ်ဖို့ လိုပါတယ်။ ဒါမှလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခြေအနေမှန်နဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို လေ့လာသူပညာရှင်တွေက အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြပေးခဲ့ကြပါတယ်။ ပထမအကျိုးကျေးဇူးကတော့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ တိုင်းတာသတ်မှတ်ချက်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အာဂျင်ဒါမှာ ဆင်းရဲနွမ်းပါးမှုအရေးကို ထည့်သွင်းစဉ်းစားစေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလေ့လာသူ ပညာရှင် Ravallion က ဆင်းရဲနွမ်းပါးမှုကို တိုင်းတာသတ်မှတ်ထားခြင်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ ချမှတ်သူတွေအနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လျစ်လျူရှုထားလို့ မရနိုင်ပဲ၊ ဆင်းရဲနွမ်းပါးမှု အရေးဟာ မူဝါဒရေးရာမှာ အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမယ့် အချက်တချက် ဖြစ်လာတယ်လို့ ဆိုထားခဲ့ပါတယ်။

ဒုတိယအကျိုးကျေးဇူးကတော့ အစိုးရတာဝန်ရှိသူများနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဆင်းရဲနွမ်းပါးသူများကို ၀င်ရောက်အကူအညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ဘယ်လိုဘယ်ပုံ ကြုံတွေ့နေရတယ်ဆိုတာကို အတိုင်းအတာ၊ ကိန်းဂဏာန်းတွေ တိတိကျကျ မပါပဲ အကူအညီပေးနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ပထ၀ီဝင် အနေအထား (ပြည်နယ်၊ တိုင်း၊ ဒေသ၊ တောင်ပေါ် မြေပြန့် စသည်များ) နဲ့ အိမ်ထောင်စု သွင်ပြင်လက္ခဏာများ (ပညာရေး၊ အိမ်ထောင်စုဝင် အရေအတွက် စသည်များ) တွေပေါ် မူတည်ပြီး၊ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို လေ့လာခွဲခြားနိုင်မှသာ လိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုများ (households headed by women) တွေရဲ့ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းဟာ အမျိုးသားဦးဆောင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး များပြားနေတယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒတွေမှာ ကျားမကွဲပြားမှုပေါ် အခြေခံတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုပါတယ်။ အထက်တန်းပြီးသူများပါဝင်တဲ့ အိမ်ထောင်စုတွေက မူလတန်းပြီးဆုံးသူများသာ ပါဝင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းတယ်ဆိုရင် သက်ဆိုင်ရာဒေသမှာ ပညာရေးအခွင့်အလမ်း တိုးမြှင့်ပေးတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို တိုင်းတာသတ်မှတ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လဲ နိုင်ငံရဲ့ ဘယ်ဒေသမှာ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်း ပိုများတယ်၊ ဘယ်လို အိမ်ထောင်စုတွေက ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) ထက်လျော့နည်းတဲ့ ၀င်ငွေတွေကို ရရှိနေကြတယ်၊ ဆင်းရဲချမ်းသာကွာဟမှုနှုန်းက မည်၍မည်မျှ ဖြစ်နေတယ်ဆိုတာကို သိရှိမှသာ သက်ဆိုင်ရာနိုင်ငံအလိုက် အကူအညီပေးမှု၊ ၀င်ရောက်စွက်ဖက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိစေနိုင်တဲ့ တတိယ အကျိုးကျေးဇူးကတော့ ချမှတ် အကောင်အထည်ဖော်နေတဲ့ ပရောဂျက်များနဲ့ မူဝါဒများဟာ ဆင်းရဲနွမ်းပါးမှုကို အမှန်တကယ် လျှော့ချနိုင်ခြင်း ရှိမရှိ လေ့လာဆန်းစစ်နိုင်တာပဲ ဖြစ်ပါတယ်။ စာရွက်ပေါ်က မူဝါဒတွေဟာ လက်တွေ့မှာ အမှန်တကယ် ထိရောက်ချင်မှ ထိရောက်နိုင်မှာပါ။ ဒီလိုဆန်းစစ်ခြင်းအားဖြင့် မူဝါဒတွေရဲ့ ထိရောက်နိုင်မှုရှိမရှိ အကျိုးဆက်တွေကို သိရှိနိုင်သလို၊ အရင်းအမြစ်များကို အကူအညီပေးမှုဟာ ဆင်းရဲနွမ်းပါးသူများကို အမှန်တကယ် အကျိုးရှိမရှိ၊ ကြားဖြတ်အလွဲသုံးစားပြုမှုများ ရှိမရှိ စတာတွေကိုလဲ သုံးသပ်နိုင်ပါတယ်။

စတုတ္ထအကျိုးကျေးဇူးကတော့ အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်ခြင်း ရှိမရှိဆိုတဲ့ အင်စတီကျူးရှင်းများရဲ့ ထိရောက်မှု အခြေအနေကို ဆန်းစစ်နိုင်ပါတယ်။ ထိရောက်နိုင်မှု ကိန်းဂဏာန်း တိုင်းတာ သတ်မှတ်ချက်တွေ တိတိကျကျမရှိပဲ အစိုးရတရပ်ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေ ပါတယ်လို့ ဘယ်သူမှ ရေရေရာရာ ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒီလို အကျိုးကျေးဇူးတွေကြောင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာများစွာကို အသုံးပြုပြီး တိုင်းတာသတ်မှတ်မှုတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြုလုပ်ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာတွေမှာ headcount index (P0)၊ poverty gap index (P1)၊ squared poverty gap (“poverty severity”) index (P2)၊ Sen-Shorrocks-Thon index၊ Watts Index စသည်ဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။

ဒီလို တိုင်းတာသတ်မှတ်ချက်တွေဟာ တိုင်းပြည်ရဲ့ ပထ၀ီဝင်အနေအထားကွဲပြားမှု၊ လူ့အဖွဲ့အစည်း သွင်ပြင်လက္ခဏာ ကွဲပြားမှု၊ အိမ်ထောင်စု သွင်ပြင်လက္ခဏာ ကွဲပြားမှုတွေပေါ်မှာ အခြေခံတဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် အမျိုးမျိုးကို လေ့လာဆန်းစစ်တဲ့ country poverty profile အတွက် အထောက်အကူပြုပါတယ်။ ပြည်နယ် (အေ)နဲ့ ပြည်နယ် (ဘီ) တို့အကြား၊ စာသင်ကျောင်းရှိတဲ့ရွာနဲ့ စာသင်ကျောင်းမရှိတဲ့ ရွာတို့အကြား၊ အိမ်ထောင်စု (စီ) နဲ့ အိမ်ထောင်စု (ဒီ) တို့အကြားတွေမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေက တူညီမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုတွေ၊ ကွဲပြားမှုတွေကို မူဝါဒချမှတ်သူများက ကွဲကွဲပြားပြား သိရှိဖို့ လိုအပ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်စွဲစာအုပ်ထဲမှာ တိုင်းပြည်တခုချင်းစီအလိုက် poverty profile ပြင်ဆင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဒီအချက်တွေကတော့
(၁) တိုင်းပြည်ရဲ့ ဒေသအသီးသီးမှာ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် ကွဲပြားမှု ရှိပါသလား။
(၂) လူဦးရေထူထပ်တဲ့ ဒေသများဟာ ဆင်းရဲနွမ်းပါးသူများ အများဆုံး နေထိုင်ရာ ဒေသများ ဖြစ်ပါသလား။
(၃) ၀င်ငွေနည်းပါးမှုဟာ ကျားမ၊ အသက်အရွယ်၊ မြို့ပြကျေးလက်၊ လူမျိုး၊ လူမျိုးစု သွင်ပြင်လက္ခဏာများနဲ့ ဆက်စပ်မှု ရှိနေပါသလား။
(၄) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိနိုင်တဲ့ main sources တွေက ဘာတွေလဲ။
(၅) ဆင်းရဲနွမ်းပါးသူတွေက သူတို့ရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် မှီခိုအားထားပြုနေတဲ့ စီးပွားရေးကဏ္ဍတွေက ဘာတွေလဲ။
(၆) ဘယ်လို ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကား နေသလဲ။ ကမ္ဘာ့ဈေးကွက်ရဲ့ ဈေးနှုန်း အပြောင်းအလဲနဲ့ ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့က ရိုက်ခိုက်စေနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်တွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကားနေသလား။
(၇) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ လယ်ယာစိုက်ပျိုးရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာတွေ ရှိသလဲ။
(၈) အလုပ်အကိုင်ရှားပါးမှုက ဘယ်လောက်ဆိုးရွားနေသလဲ။
(၉) ဆင်းရဲနွမ်းပါးသူတွေ အဓိက စားသုံးနေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေက ဘာတွေလဲ။
(၁၀) ၀င်ငွေနည်းပါးခြင်းနဲ့ အာဟာရမပြည့်ဝမှု၊ ပညာရေးအခြေအနေတွေက ဘယ်လို ဆက်စပ်နေသလဲ။
(၁၁) ဆင်းရဲနွမ်းပါးသူတွေရဲ့ မျိုးဆက်ပြန့်ပွားမှု သွင်ပြင်လက္ခဏာတွေက ဘယ်လိုရှိသလဲ။
(၁၂) ဆင်းရဲနွမ်းပါးသူတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ ပြည်သူ့ဝန်ဆောင်မှု (လမ်းပန်းဆက်သွယ်ရေး၊ မီးသတ်၊ ရဲ၊ စည်ပင်သာယာ စသည်များ) အရည်အသွေးက မည်မျှရှိသလဲ။
(၁၃) ဆင်းရဲနွမ်းပါးသူများရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေက ဘယ်လောက် အရေးပါသလဲ။
(၁၄) ဆင်းရဲနွမ်းပါးသူများရဲ့ ချေးငွေ ရရှိနိုင်မှု အခြေအနေက ဘယ်လိုရှိသလဲ။
(၁၅) ဆင်းရဲနွမ်းပါးသူများရဲ့ မြေယာ၊ အဆောက်အအုံ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ။ ပိုင်ဆိုင်မှု အခွင့်အရေးများ ရှိသလား။
(၁၆) သဘာဝအရင်းအမြစ်တွေကို အသုံးပြုနိုင်မှုဟာ ဘယ်လောက်အထိ လုံခြုံစိတ်ချရသလဲ။
(၁၇) သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်မှုရှိနေသလား။
(၁၈) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိမှာ အတက်အကျ၊ အပြောင်းအလဲဖြစ်နိုင်တာတွေက ဘာတွေလဲ။
(၁၉) လူ့အဖွဲ့အစည်းမှာရှိတဲ့ ဘယ်လို အစုအဖွဲ့တွေဟာ တခြားအစုအဖွဲ့တွေထက် ပိုပြီး ဆင်းရဲနွမ်းပါးနိုင်တဲ့ risk တွေ ပိုများနေသလဲ။
စတာတွေပဲ ဖြစ်ပါတယ်။

ဒီလိုအချက်တွေပါဝင်တဲ့ poverty profile ဟာ သက်ဆိုင်ရာ ဒေသအလိုက်၊ အစုအဖွဲ့အလိုက်၊ အိမ်ထောင်စုအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အရေးကြီးဆုံး တိုင်းတာမှုကိန်းဂဏန်းတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး အခြေပြ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေမှန်ကို သိသာထင်ရှားတဲ့ တိုင်းတာသတ်မှတ်မှုတွေ ပြုလုပ်မှသာ သက်ဆိုင်ရာ အစိုးရတွေရဲ့ မူဝါဒရေးရာတွေဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အလေးပေးဆောင်ရွက်ခြင်း ရှိမရှိ၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေဟာ ထိရောက်ခြင်း ရှိမရှိ စတာတွေကို လေ့လာဆန်းစစ်နိုင်ပြီး၊ တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ပကတိ အခြေအနေမှန်ကို သိရှိမှသာ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကလဲ ထိရောက်တဲ့ အကူအညီပေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၇၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Ravallion, M. & Chen, S. (2001) Measuring Pro-Poor Growth, Development Research Group, World Bank
Ray, D. (1998) Development Economics, Princeton University Press, Princeton
World Bank. (1992) Poverty Reduction Handbook. Washington DC.
World Bank Institute (2005) Introduction to poverty analysis, Washington DC.

မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျေးလက်ဒေသကနေ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု (rural- urban migration) နှုန်းက တိုးတက်များပြားလာပါတယ်။ ဒီလို ပြောင်းရွှေ့အခြေချသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘ၀ တိုးတက်မှု အခွင့်အလမ်းအတွက် မြို့ပြကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပေမယ့် မြို့ပြရှင်သန်နေထိုင်မှု စရိတ်ကြီးမားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျန်းမာသန့်ရှင်းမှုမရှိသော ဆင်ခြေဖုံးများတွင် နေထိုင်ရခြင်း၊ ရောဂဘယ ကူးစက်ပြန့်ပွားခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပြီး တိုးတက်တဲ့ လူမှုဘ၀ အခွင့်အလမ်းတွေကို ခံစားခွင့် မရကြပါဘူး။ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ လူဦးရေထူထပ်မှုရှိလာသလို၊ မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) နှုန်းကလဲ တိုးမြင့်လာပါတယ်။



မြို့ပြဆင်းရဲနွမ်းပါးမှု သွင်ပြင်လက္ခဏာများ

မြို့ပြဆင်းရဲနွမ်းပါးမှုမှာ သွင်ပြင်လက္ခဏာ (၅) ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ၀င်ငွေမလောက်ငမှု ဖြစ်ပါတယ်။ မြို့ပြမှာ နေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ များသောအားဖြင့် အလုပ်တခုခု လုပ်နေသူများ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်သူများထက် ၀င်ငွေပိုများပေမယ့် မြို့ပြရဲ့ နေထိုင်မှုအသုံးစရိတ်ကြီးမားမှုကြောင့် ၀င်ငွေ မလောက်ငမှု နဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့အတွက် ၀င်ငွေလောက်ငမှု မရှိပဲ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ရတတ်တာကြောင့် အလုပ်အကိုင်လုံခြုံရေး အခက်အခဲနဲ့လဲ ရင်ဆိုင်ရတတ်ပါတယ်။

ဒုတိယသွင်ပြင်လက္ခဏာကတော့ ငတ်မွတ်ခေါင်းမှု ဖြစ်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးသူတွေဟာ အစားအစာတွေကို ၀ယ်ယူစားသုံးကြရတာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာလို မြေပိုမြေလျှံ မရှိတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ဖို့ ခဲယဉ်းတာကြောင့်၊ အစားအစာတွေကို ၀ယ်ယူစားသုံးကြရပါတယ်။ ဒီလို ၀ယ်ယူစားသုံးရတဲ့အခါမှာလဲ သယ်ယူ ပို့ဆောင်ရေးစရိတ်နဲ့ အဆင့်ဆင့် ဖြန့်ဖြူးစရိတ်တွေကြောင့် မြို့ပြမှာနေထိုင်သူတွေဟာ ကျေးလက်မှာနေထိုင်သူတွေထက် အစားအသောက် ကုန်ကျစရိတ် ပိုပြီး များပါတယ်။ မြို့ပြဆင်ခြေဖုံးရပ်ကွက်များနဲ့ ကျူးကျော်ရပ်ကွက်များမှာ နေထိုင်ရသူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ ပတ်ဝန်းကျင် မရှိခြင်းကြောင့် ရောဂါဘယ ကူးစက်ခံရမှု အန္တရာယ်ကိုလဲ ရင်ဆိုင်ကြ ရပါတယ်။ infection-related အစာအာဟာရချို့တဲ့မှု ပြဿနာက မြို့ပြမှာ အဖြစ်များပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ informal sector အလုပ်အကိုင်အခြေအနေ ဖြစ်ပါတယ်။ မြို့ပြမှာ အလုပ်လုပ်ကိုင်သူ အများစုဟာ နေ့စားလုပ်သားများ၊ ယာယီလုပ်သားများအဖြစ် လုပ်ကိုင်ကြရပါတာဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အလမ်း၊ ဥပေဒေအကာအကွယ်များ ဆုံးရှုံးကြရပြီး၊ အလုပ်အကိုင် မလုံခြုံမှု (job insecurity) ဆိုင်ရာ စိတ်ဖိစီးမှုတွေကိုလဲ ခံစားကြရပါတယ်။

စတုတ္ထသွင်ပြင်လက္ခဏာကတော့ informal settlements ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကြောင့် အလုပ်နဲ့ နီးစပ်ရာနေရာတွေမှာ အခြေချနေထိုင်မှုတွေ ရှိလာပါတယ်။ ဒီလို အခြေချနေထိုင်မှုတဲ့အခါမှာ မြေယာပိုင်ဆိုင်မှု၊ ငှားရမ်းစရိတ် ကြီးမားမှု အခက်အခဲတွေကြောင့် မီးရထားလမ်းဘေး၊ မြစ်ကမ်းဘေး၊ တံတားများနဲ့ အမှိုက်ပုံများအနီးမှာ ကျူးကျော်နေထိုင် အခြေချမှုတွေ ဖြစ်ပွားလာတတ်ပါတယ်။

ပဥ္ဒမသွင်ပြင်လက္ခဏာကတော့ ၀န်ဆောင်မှုများကို ခံစားခွင့် မရခြင်းပဲ ဖြစ်ပါတယ်။ ကျူးကျော်ရပ်ကွက်များနဲ့ အခြား informal settlements တွေမှာ အစိုးရတွေရဲ့ အခြေခံလူနေမှုအဆောက်အအုံ ၀န်ဆောင်မှု အားနည်းချက်တွေ ရှိတတ်ပါတယ်။ ရေရရှိရေးအတွက် ရပ်ကွက်ထဲက public tap တွေမှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရမှုတွေ ရှိတတ်သလို၊ လျှပ်စစ်မီးသုံးစွဲနိုင်မှုလဲ မရှိကြပါဘူး။ အညစ်အကြေးစွန့်ပစ်မှု ပြဿနာတွေလဲ ရှိပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှု ဆိုတာကို ဘောဂဗေဒရှုထောင့်နဲ့ မနုဿဗေဒ ရှုထောင့်တွေကနေ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဘောဂဗေဒရှုထောင့်အရ မြို့ပြဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ ၀င်ငွေ (သို့မဟုတ်) စားသုံးမှု ညွှန်ပြကိန်းဂဏာန်းတွေ အပြင် အာဟာရပြည့်ဝမှု၊ အစားအစာ မျှတလုံလောက်မှု၊ စာတတ်မြောက်မှု၊ သန့်ရှင်းသောရေ ရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် ဆိုတဲ့ လူမှုတိုးတက်မှုဆိုင်ရာ ညွှန်ပြကိန်းဂဏာန်းတွေနဲ့ တိုင်းတာကြပါတယ်။ မနုဿဗေဒ ပညာရှင်တွေနဲ့ လူမှုစီမံကိန်းရေးဆွဲသူတွေကတော့ အထက်ပါအချက်တွေအပြင် လူမှုဘ၀ကွဲပြားခြားနားမှုနဲ့ ပစ္စည်းဥစ္စာဓန မဟုတ်သော အရာများ ချို့တဲ့မှု (non-material deprivation) ကိုပါ ထည့်သွင်းပြီး တိုင်းတာဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။

ဝင်ငွေနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ ဆင်းရဲနွမ်းပါးမှုကွာဟချက် (poverty gap)၊ ၀င်ငွေတန်းတူညီမျှခြင်းမရှိမှု (income inequality)၊ အလုပ်လက်မဲ့နှုန်း (unemployment rate)၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လျှပ်စစ်ပစ္စည်း ရယူသုံးစွဲမှု (access to electricity) စတာတွေ ပါဝင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ စာတတ်မြောက်နှုန်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပြီးမြောက်အောင်မြင်မှုနှုန်း၊ ကလေးလုပ်အား၊ ပညာရေးဆိုင်ရာ ကျားမကွဲပြားမှု၊ ပညာရေးအတွက် အိမ်ထောင်တခုချင်း စီအလိုက် ပျမ်းမျှအသုံးစရိတ်၊ အလုပ်ခွင်ဆိုင်ရာ သက်မွေးကျောင်း သင်တန်းများသို့ တက်ရောက်နိုင်မှု စတာတွေ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်၊ အစာအာဟာရ ပြည့်ဝရေးဆိုင်ရာ safety nets များရှိမှု၊ အစားအစာအတွက် အိမ်ထောင်စုတခုချင်းစီအလိုက် ပျမ်းမျှ အသုံးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အိမ်ထောင်တခုချင်းစီအလိုက် ပျမ်းမျှအသုံးစရိတ်၊ ရေသုံးစွဲမှာ ပမာဏ၊ ဖွားသေနှုန်း၊ ကလေးသူငယ်အစာအာဟာရ ချို့တဲ့မှု၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ မတော်တဆမှုများဆိုင်ရာ သေဆုံးနှုန်း၊ ရောဂါဘယများဆိုင်ရာ သေဆုံးနှုန်း၊ အကြမ်းဖက်မှုများဆိုင်ရာ သေဆုံးနှုန်း စတာတွေ ပါဝင်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ ခွင့်ပြုချက်မရှိသော အဆောက်အဦးများနှင့် ကျူးကျော် အိမ်ယာများ တည်ဆောက်ထားမှုနှုန်း၊ ရဲတပ်ဖွဲနှင့် ဥပဒေအရ အကာအကွယ် ရယူနိုင်မှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း၊ လူသတ်မှုနှင့် အခြားရာဇ၀တ်မှုများ ဖြစ်ပွားမှုနှုန်း စတာတွေ ပါဝင်ပါတယ်။ Empowerment နဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်မှု၊ ၀န်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများအား ခံစားခွင့်၊ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်မှု၊ စီမံကိန်းရေးရာ ဆုံးဖြတ်ချက်များတွင် ပြည်သူအများ၏ ဆန္ဒသဘောထားပေးပိုင်ခွင့်၊ အစိုးရ ၀န်ဆောင်မှုများအား ပြည်သူအများမှ ကျေနပ်မှု စတာတွေ ပါဝင်ပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (urban development) က အရေးကြီးပါတယ်။ ဒီလို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြို့ပြဆင်းရဲနွမ်းပါးသူများဘက်မှ citizen driven actions များ လုပ်ဆောင်ဖို့လိုအပ်သလို၊ နိုင်ငံတော်ဘက်ကလဲ မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိ ရောက်ရောက် ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


တနိုင်တပိုင် စီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာစေရန် အားပေးကူညီမှု

မြို့ပြမှာ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ခြင်း၊အလုပ်လက်မဲ့နှုန်းလျော့နည်းခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိလာစေနိုင်ပါတယ်။ အချို့လူတွေဟာ အရောင်းအ၀ယ် လုပ်ငန်းများအတွက် အတွေးအမြင်ရှိပေမယ့် စတင်ရန် ငွေအရင်းအနှီး မရှိတဲ့ အခက်အခဲကို ကြုံကြရတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများက အသေးစားငွေချေးပေးတဲ့ အင်စတီကျူးရှင်းများ (Micro Finance Institutions) တည်ထောင် ခြင်းဖြင့် အားပေးကူညီနိုင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ဆောင်ရွက်မှု

မြို့ပြဆင်းရဲနွမ်းပါးသူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးအတွက် အခွန်နှုန်းထားများလျှော့ချခြင်း၊ အလုပ်အကိုင်တိုးချဲ့မှုကို ခက်ခဲကြန့်ကြာစေသော နည်းဥပဒေများအား ရုတ်သိမ်းခြင်း၊ အမျိုးသမီးများ လုပ်ငန်းခွင် ၀င်နိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးစင်တာများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်းခွင်သင်တန်းများပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေနိုင်သော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးကူညီခြင်း စတဲ့ မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။

မြို့ပြစိုက်ပျိုးရေး (urban agriculture) ကဏ္ဍ ဖန်တီးဖော်ဆောင်မှု

မြေပိုမြေလျှံအနည်းငယ်ရှိသူများအနေနဲ့ တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့်ဖြစ်စေ၊ အခြားစိုက်ပျိုးနိုင်သူများအား မြေပိုငှားရမ်း အသုံးပြုစေခြင်းဖြင့် ဖြစ်စေ မြို့ပြစိုက်ပျိုးရေးကဏ္ဍတွေကို ဖန်တီးဖော်ဆောင်နိုင်ပါတယ်။ နိုင်ငံတော်ပိုင် အသုံးပြုဖော်ဆောင်ထားခြင်း မရှိသော မြေပိုမြေလျှံများကို စိုက်ပျိုးရေးကဏ္ဍအတွက် ဆင်းရဲနွမ်းပါးသူများကို ငှားရမ်းအသုံးပြုစေခြင်းဖြင့်လဲ မြို့ပြစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင် အားပေးကူညီမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မြို့ပြစိုက်ပျိုးရေးသမားများအတွက် လိုအပ်သောနည်းပညာများ ပံ့ပိုးပေးခြင်း၊ အကြွေးရယူသုံးစွဲနိုင်ခွင့် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ၀န်ဆောင်မှုများပေးခြင်း စတဲ့ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီခြင်း

ဆင်းရဲနွမ်းပါးသူတွေအနေနဲ့ မုန့်လုပ်ခြင်း၊ စက်ချုပ်လုပ်ငန်း၊ ဇာထိုးပန်းထိုးလုပ်ငန်း စတဲ့ တနိုင်တပိုင် အိမ်တွင်းမှု လုပ်ငန်းတွေကို ဆိုင်ခန်းငှားရမ်းပြီး လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် မိမိအိမ်မှာနေပြီး အလုပ်လုပ်လို့ရတဲ့ အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီဖို့လိုပါတယ်။ ဒီလိုအိမ်တွင်းမှုလုပ်ငန်းများကို အားပေး ကူညီရေးအတွက် အခြေခံအဆောက်အအုံ (လျှပ်စီးမီး၊ သန့်ရှင်းသောရေ၊ ဆက်သွယ်ရေး စသည်) ဆိုင်ရာ ၀န်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်း၊ အသေးစားငွေချေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အိမ်တွင်းမှု သင်တန်းများပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ၀န်ဆောင်မှုပေးခြင်း၊ ဈေးကွက်များဖော်ဆောင်ပေးခြင်း၊ လုပ်ငန်းတည်ထောင်မှု ဆိုင်ရာ အကြံဥာဏ်များပေးခြင်း စတဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

လူမှုထောက်ကူအခွင့်အလမ်းများ ပံ့ပိုးပေးခြင်း

မြို့ပြဆင်းရဲနွမ်းပါးသူများဟာ များသောအားဖြင့် ပုံမှန်လုပ်ခလစာတွေအပေါ်မှာ မှီပြီး ရပ်တည်နေသူများ မဟုတ်ကြပါဘူး။ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရသူများ ဖြစ်ပါတယ်။ ဒါကြောင့် အစာအာဟာရ ပြည့်စုံလောက်ငရေးအတွက် ငွေကြေး (သို့မဟုတ်) အစားအစာ ပေးဝေခြင်း စတာတွေနဲ့ ကူညီဖြည့်ဆည်းပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ အစိုးရအနေနဲ့ safety-net intervention policies များ ချမှတ်ဆောင်ရွက်နိုင်သလို၊ အန်ဂျီအို လူမှုရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများသို့ အကူအညီတောင်းခံခြင်း ဆိုင်ရာ မူဝါဒတွေကို ချမှတ် ဆောင်ရွက်နိုင်ပါတယ်။

မြို့သစ်များ ဖော်ဆောင်ပေးခြင်း

ကျူးကျော်ရပ်ကွက်များ၊ ရထားလမ်း၊ ကားလမ်း၊ မြစ်ကမ်းဘေးမှာ နေထိုင်နေရသူများအတွက် မြို့သစ်များ ဖော်ဆောင်ပေးပြီး၊ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ သန့်ရှင်းသောရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြို့သစ်များ အနီးတွင် စက်မှုဇုံများ တည်ထောင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျောင်းများနှင့် ဆေးရုံများ ဆောက်လုပ်ပေးခြင်း စတွာေကို ပြုလုပ်နိုင်ပါတယ်။

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး (good urban governance)

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု၊ အများပြည်သူ ပူးပေါင်းပါဝင်မှု၊ စွမ်းရည်တိုးတက်မြင့်မားမှု၊ လာဘ်စားမှုများကို တိုက်ဖျက်နှိမ်နင်းရေး စတဲ့ကဏ္ဍတွေမှာ သင့်လျော်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ ရပ်ရွာဖွံ့ဖြိုးရေးဆောင်ရွက်နေသော အရပ်ဘက်လူ့အဖွဲ့များမှ တာဝန်ရှိသူများရဲ့ စွမ်းရည်မြင့်မားမှုကလဲ အရေးပါတဲ့အတွက် စာတွေ့၊ လက်တွေ့သင်တန်းများ ပေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ပညာများကို ဖြန့်ဖြူးပေးဖို့ လိုအပ်ပါတယ်။

လူသားလုံခြုံရေး (Human Security) ရှိလာစေရန် ကာကွယ်စောင့်ရှောက်ခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ရာဇ၀တ်မှု ထူပြောခြင်းတို့အကြားမှာ ထင်သာမြင်သာတဲ့ ဆက်စပ်မှုတွေ ရှိပါတယ်။ ရာဇ၀တ်မှုများကို တားဆီးကာကွယ်နှိမ်နင်းခြင်း၊ လူသားလုံခြုံရေးရှိလာစေရန် ပြည်သူအများအား ကာကွယ် စောင့်ရှောက်ခြင်း၊ ဥပဒေအခွင့်အလမ်းများ ခံစားခွင့်ရှိစေခြင်း၊ ဥပဒေဘက်တော်သားများအား လူထုမှ ယုံကြည်မှု တိုးပွားလာစေခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

နိဂုံး

ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများထက်စာရင် မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒတွေက မူဝါဒရေးရာ ချမှတ်ဆောင်ရွက်နေသူများအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ပိုမိုတွေ့ကြုံစေနိုင်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု၊ မြို့ပြလူတန်းစားကွာဟမှု ပြဿနာတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တစထက်တစ ကြီးထွားလာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးက အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၃၁၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Baker, J. & Schuler, N. (2004) Analysing Urban Poverty: A summary of methods and approaches, World Bank Policy Research Working Paper 3399, World Bank, Washington DC.

Baharoglu, D. & Kessides, C. (2002) “Urban Poverty” in Klugman (ed.) A sourcebook for poverty reduction strategies: Volume 2: Macroeconomic and sectoral approaches, World Bank, Washington DC.

Urban Poverty and the Working Poor: FACING THE CHALLENGES OF URBANIZATION AND URBAN POVERTY IN ASIA AND THE PACIFIC, Committee on Poverty Reduction, Economic and Social Commission on Asia and Pacific, Fourth Session, 12-14 December 2007, Bangkok

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာစာတမ်း

(၂၀၀၀) ခုနှစ်နှောင်းပေါင်း ကာလတွေမှာ တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း (Poverty Reduction Strategy paper- PRSP) တွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ ပြည်တွင်းမူဝါဒများနဲ့ ပြည်ပအကူအညီ ရယူမှုအတွက် လမ်းပြမြေပုံတွေ ဖြစ်လာပြီး၊ ရလဒ်အခြေပြု ကိန်းဂဏာန်းများ ပါဝင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ (International Financial Institutions)၊ အလှူငွေထောက်ပံ့သူများ (Donors) တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများထံက ချေးငွေများ၊ ထောက်ပံ့ကြေးများ ရယူရာမှာ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။


သွင်ပြင်လက္ခဏာများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ အခြားစီမံကိန်းတွေ၊ စီမံချက်တွေနဲ့ ခြားနားတဲ့ သွင်ပြင်လက္ခဏာ ခြောက်ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းကို သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရများက ဦးဆောင်ပြီး ချမှတ်ရတဲ့ national ownership သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ဒုတိယကတော့ သက်ဆိုင်ရာအစိုးရများက ဦးဆောင်ရေးဆွဲရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကုန်သည်များအသင်း၊ လုပ်ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကို တိုင်ပင်ညှိနှိုင်းရမှာ ဖြစ်တဲ့ public consultation သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ Public Expenditures Review ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ United Nations Development Assistance Framework (UNDAF) ရဲ့ country programming process မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။

ပဉ္ဇမ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ public actions ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဆဋ္ဌမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းတွေထဲမှာ တိုးတက်မှုကို လေ့လာ တိုင်းတာတဲ့ ကိန်းဂဏာန်းတွေ ပါဝင်တဲ့အတွက် monitoring process ပါဝင်တဲ့အတွက် မူဝါဒတွေ၊ မဟာဗျူဟာတွေကို စာရွက်ပေါ်မှာတင် ရေးသားထားတာမဟုတ်ပဲ လက်တွေ့ အကောင်အထည် ဖော်မှုကို တွန်းအား ပေးပါတယ်။

စာတမ်းရေးသားသူများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စာတမ်းတွေ ပေါ်ထွက်လာရေးအတွက် အစိုးရက ဦးဆောင်ဦးရွက်ပြုရပြီး၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ (သို့မဟုတ်) အစိုးရအကြံပေးများက ရေးသားလေ့ရှိပါတယ်။ များသောအားဖြင့် စာတမ်း မူကြမ်း နှစ်စောင်၊ သုံးစောင် ပေါ်ထွက်လေ့ရှိပြီး၊ အများပြည်သူကြားကို ဖြန့်ဝေကြပါတယ်။ စာတမ်းနဲ့ ပတ်သက်ပြီး တိုးတက်မှု၊ ပြန်လည်ပြင်ဆင်မှုတွေကို နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများမှာ ပြုလုပ်လေ့ရှိပါတယ်။ ပထမ စာတမ်းကို အတည်ပြုပြီးနောက် (၃) နှစ် (သို့မဟုတ်) (၅) နှစ် ကြာလာချိန်မှာ ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများက အရေးကြီးလှပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းနဲ့ ပတ်သက်ပြီး အထူးကော်မတီတွေ ဖွဲ့စည်း ထားတတ်ကြပါတယ်။ အထူးကော်မတီတွေထဲမှာ အဆင့်အမြင့်ဆုံး ကော်မတီကတော့ ၀န်ကြီးများအဆင့်ကော်မတီ ဖြစ်ပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး စတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရမယ့် ၀န်ကြီးဌာနများက ၀န်ကြီးတွေ ပါဝင်ပါတယ်။

ဒီဝန်ကြီးများအဆင့် ကော်မတီကိုတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ technical committee က အစီရင်ခံရပါတယ်။ ဒီကော်မတီက ပုံမှန်ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ အရေးကြီးဆုံး ကော်မတီဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန (သို့မဟုတ်) စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတခုက ကော်မတီဥက္ကဌအဖြစ် တာဝန်ယူလေ့ရှိပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ ပါဝင်လေ့ရှိပြီး၊ ရံဖန်ရံခါမှာ ကုလသမဂ္ဂအကြံပေးအရာရှိများလဲ ပါဝင်တတ်ပါတယ်။

ပါဝင်သည့် အကြောင်းအရာများ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ များသောအားဖြင့် အောက်ပါအကြောင်းအရာများ ပါဝင်လေ့ရှိပါတယ်။

(၁) Macroeconomic issues
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်၊ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ၊ ဈေးကွက်၊ ပုဂ္ဂိလိကပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ ဆင်းရဲနွမ်းပါးမှု အခြေအနေ၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု၊ မြို့ပြဆင်းရဲနွမ်းပါးမှု၊ ချမ်းသာဆင်းရဲ ကွာဟမှု၊ လူမှုဖူလုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

(၂) The consultative process
လက်ရှိပြီးစီးထားမှု၊ အနာဂတ်လုပ်ငန်းဆောင်တာ လျာထားချက်များ

(၃) Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)
တရားဥပဒေစိုးမိုးရေး၊ ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှု၊ ပြည်သူ့ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှု၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လာဘ်ပေးလာဘ်ယူမှု တားဆီးရေး

(၄) Human Capability (လူသားစွမ်းရည်)
ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေး၊

(၅) Private Sector
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာ၊ သဘာဝသယံဇာတ အရင်းအမြစ်

(၆) Infrastructure
စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေ ရှိရှိရေး

(၇) Poverty monitoring and analysis
ရည်ညွန်းတိုင်းတာသော ကိန်းဂဏာန်းများ၊ တိုးတက်မှုအခြေအနေ၊ စာရင်းအင်းစနစ် (statistical systems) များ

(၈) Cross-cutting Issues
ကျားမရေးရာ၊ အေအိုင်ဒီအက်စ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မဟာဗျူဟာဆက်ဆံရေး၊ လူ့အဖွဲ့အစည်း အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး

(၉) Policy matrix
ရည်မှန်းချက်များ၊ လက်ရှိအခြေအနေအထိ တိုးတက်မှုအခြေအနေ၊ စီမံချက် လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်တွက်ချက်မှု၊ ဘတ်ဂျက်ချမှတ်ခွဲဝေသုံးစွဲမှု၊ မူဝါဒရေးရာ framework များ

(၁၀) Country specific topics
ကလေးလုပ်သား၊ ပဋိပက္ခနှင့် လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်အန္တရာယ် ကာကွယ်ရေး၊ အစားအစာ လုံခြုံရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် တားဆီးကာကွယ်ရေး

မဟာဗျူဟာစာတမ်း ရေးဆွဲဖော်ဆောင်မှုအဆင့်ဆင့်

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းဟာ စက္ကူပေါ်က စီမံကိန်းမဟုတ်ပဲ၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရမယ့် မဟာဗျူဟာများ၊ မူဝါဒများနဲ့ လုပ်ငန်းစဉ်များ ပါဝင်တဲ့အတွက် မဟာဗျူဟာစာတမ်း ရေးဆွဲဖော်ဆောင်မှုတွေဟာ ongoing process အနေနဲ့ အဆင့်ဆင့် ပါဝင်နေပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည်ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) စသဖြင့် အဆင့် သုံးဆင့်ပါဝင်ပါတယ်။


စာတမ်းမူကြမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှိသူတွေက ရေးသားပြီးတဲ့အခါ ပထမဦးဆုံးအနေနဲ့ Interim PRSP (I-PRSP) တွေကို ရေးဆွဲဖို့လိုပါတယ်။ I-PRSP ရေးဆွဲပြီး၊ တနှစ်ခန့်အကြာ (ကိုးလနှင့် နှစ်နှစ်အတွင်း) မှာ Full PRSP ရေးဆွဲရမှာဖြစ်ပါတယ်။ Full PRSP က သုံးနှစ် (သို့မဟုတ်) ငါးနှစ် သက်တမ်းရှိပြီး၊ သက်တမ်းကာလတလျှောက်မှာ တိုးတက်မှုအစီရင်ခံစာတွေ ရေးသားတင်ပြလေ့ရှိကြပါတယ်။ သက်တမ်းကုန်ချိန်မှာ PRSP Review ပြန်လုပ်ပြီး၊ နောက်ထပ် PRSP ကို ဖြည့်စွက်ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည် ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) အဆင့် သုံးဆင့်ဟာ စက်ဝန်းတခုကဲ့သို့ ဆက်လက်လည်ပတ်မှု ရှိနေမှာ ဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးကို အထောက်အကူပြုပါတယ်။

အရေးပါသော မေးခွန်းများ

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းအတွက် key building blocks များ ဖြစ်တဲ့ အရေးပါသော မေးခွန်းများ (လေ့လာဆန်းစစ်ရမည့် အချက်များ) ကိုလဲ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်များက ရေးသား တင်ပြထားကြပါတယ်။

(၁) ဘယ်သူတွေက ဆင်းရဲနွမ်းပါးသူတွေလဲ။ ဘာကြောင့် ဆင်းရဲနွမ်းပါးကြရလဲ။
ဆင်းရဲနွမ်းပါးသူ အရေအတွက်၊ အများစုနေထိုင်ရာ ဒေသ၊ ဆင်းရဲနွမ်းပါးရသော အကြောင်းရင်းများ၊ ဆင်းရဲတွင်းထဲသို့ ကျရောက်နေရသည့် အချိန်ကာလအတိုင်းအတာ၊ ချမ်းသာဆင်းရဲ ကွာဟမှု အခြေအနေ၊ ငွေကြေးံသုံးစွဲမှု မူဝါဒများ၊ ၀င်ငွေရရှိသည့် အရင်းအမြစ်များ၊ လူသားအရင်းအမြစ်၊ ဆင်းရဲနွမ်းပါးသူများ၏ အရေးပေါ် လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ မရေရာမသေချာမှုများ၊ နိုင်ငံတော်၏ ၀န်ဆောင်မှုများအား အသုံးပြုနိုင်သည့် အခြေအနေ များကို လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၂) စီးပွားရေးတိုးတက်ရေးအတွက် ဘယ်လို မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရမလဲ။
macrostability ဖြစ်လာစေရန်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ထိရောက်သော စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ခြင်း၊ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ကြိုးပမ်းခြင်း၊ ငွေကြေးဖောင်းပွမှု မဖြစ်ပွားစေသော ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များအား ရှာဖွေခြင်း၊ fiscal management တွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး၊ လာဘ်ပေးလာဘ်ယူမှုများအား တိုက်ဖျက်ခြင်း၊ ဘဏ်လုပ်ငန်းစနစ်၊ အခွန်စနစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ရေး၊ အသေးစား ငွေချေးစနစ် (microcredit) အင်စတီကျူးရှင်းများ ဖော်ဆောင်ရေး စတဲ့ မူဝါဒတွေကို ဆန်းစစ်လေ့လာရန်လိုအပ်ပါတယ်။

(၃) စီးပွားရေးတိုးတက်ရေး ဆောင်ရွက်မှုတွေမှာ ဆင်းရဲနွမ်းပါးသူတွေ ပါဝင်ဖို့အတွက် ဘာတွေက အတားအဆီး ဖြစ်စေသလဲ။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အစိုးရအသုံးစရိတ်၊ စစ်အသုံးစရိတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ်၊ မြို့ပြအသုံးစရိတ်များ စသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အခြေအနေ၊ လာဘ်ပေးလာဘ်ယူမှု အခြေအနေ၊ ပြည်သူ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွင် ပွင့်လင်းမြင်သာမှု၊ အခွန်စနစ်၏ ဆင်းရဲနွမ်းပါးမှုအပေါ် သက်ရောက်မှု အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေး ၀န်ဆောင်မှု၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ စသည်များအား လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၄) အုပ်ချုပ်ရေး အစီအမံများ ထိရောက်စေရန် မည်သို့ ပြုလုပ်မည်နည်း။
ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကျင်းပခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဦးတည်စေမည့် ပါဝါခွဲဝေမှု အစီအမံများ ဖော်ဆောင်ခြင်း၊ လူသားအချင်းချင်း ခွဲခြားသတ်မှတ်မှု ရှိစေသည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ ယုံကြည်အားကိုးရမည့် ဥပဒေဘက်တော်များ တိုးပွားစေမည့် စနစ်အား တည်ဆောက်ခြင်း၊ ဘက်မလိုက်သော တရားစီရင်ရေးစနစ် ရှိခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ အခက်အခဲများနှင့် အတားအဆီးများအား ဖော်ထုတ်ခြင်း၊ တိုင်းပြည်ဘဏ္ဍာခွဲဝေသုံးစွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိခြင်း စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။

(၅) တွေ့ဆုံဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် အများပြည်သူမှ ပူးပေါင်းပါဝင်လာအောင် မည်သို့ဆောင်ရွက် မည်နည်း။
အများပြည်သူမှ လက်ရှိပူးပေါင်းပါဝင်မှု အခြေအနေ၊ ကိုယ်စားပြုမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ခံမှု၊ ဆင်းရဲနွမ်းပါးမှု လေ့လာဆန်းစစ်ချက်များနှင့် မူဝါဒရေးရာ စာတမ်းများကို အများပြည်သူသို့ ဖြန့်ဝေအသိပေးမှု၊ မူဝါဒများရေးဆွဲရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု အခြေအနေ၊ စီမံချက်များ အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ feedback များ စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။

(၆) အရေးပါသော ကဏ္ဍများ (ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်များ) ၏ မူဝါဒများနှင့် စီမံချက်များ သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ပြုပါသလား။
စီမံချက်များအား ဒေသအလိုက် ဖြန့်ကျက်ဆောင်ရွက်ထားမှု အခြေအနေ၊ supply side ဆိုင်ရာ အခက်အခဲများ၊ demand side ဆိုင်ရာ အခက်အခဲများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးသူများ၏ ဘဏ္ဍာရေးလိုအပ်ချက်များ၊ ကဏ္ဍအလိုက် ၀င်ရောက်စွက်ဖက်မှု (sectoral interventions) စတာတွေကို လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။

(၇) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေများကို တိုင်းတာနိုင်ပါသလား။

တိုင်းတာနိုင်သည့် ကိန်းဂဏာန်းများ၊ အခြေပြဇယားများ သတ်မှတ်ခြင်း၊ သင့်လျော်သော အချက်အလက်များ စုဆောင်းနိုင်ခြင်း၊ ရလဒ်များအား ဆန်းစစ်လေ့လာ၍ အများပြည်သူသို့ ဖြန့်ဖြူးခြင်း၊ stakeholders များထံမှ feedback များ ရယူနိုင်ခြင်း စတာတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။

နိဂုံး

တိုင်းပြည်တပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေက ဖော်ဆောင်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရတွေက ဦးဆောင်ပြီး (country ownership) သဏ္ဍာန်နဲ့ ဖော်ဆောင်မှု၊ ပြည်သူများက ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက အားပေးကူညီထောက်ပံ့မှုတွေ ရှိလာမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ country owner သဏ္ဍာန်ရှိမှု၊ အများပြည်သူပူးပေါင်းပါဝင်နိုင်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု စတာတွေကို ထောက်ကူပြုတဲ့ ဆင်းရဲနွမ်းပါးမှု မဟာဗျူဟာ စာတမ်း (Poverty Reduction Strategy Paper) တွေကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လမ်းပြမြေပုံများ အဖြစ် ကမ္ဘာတ၀ှမ်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရေးဆွဲအကောင်အထည်ဖော်နေကြပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား

IMF (2001) Guidelines for Joint Staff Assessment of a Poverty Reduction Strategy Paper, Washington DC.
Review of the Poverty Reduction Strategy Paper (PRSP) Approach: Early Experience with Interim PRSPs and

Full PRSPs (2002), IMF and International Development Association

UNDP & NDI (2004) Strengthening Parliamentary Involvement in the Poverty Reduction Strategy Process and the Millennium Development Goals: Legislative Public Outreach on Poverty Issues, Parliaments and Poverty Series Toolkit No. 3

World Bank (2002) Poverty Reduction Strategy Sourcebook, Washington DC.

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စီးပွားရေး တိုးတက်မှု (economic growth) ဟာ လိုအပ်ချက်တရပ် ဆိုတာကို ဘောဂဗေဒ ပညာရှင် အများစုက လက်ခံထားကြပါတယ်။ သို့ပေမယ့် စီးပွားရေးတိုးတက်မှု ဖြစ်ထွန်းလာတာနဲ့အညီ ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေတိုးတက်လာမှုလဲ ရှိနိုင်ဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံများမှာ စီးပွားရေး တိုးတက်မှုနှုန်း (economic growth rate) မြင့်တက်လာပေမယ့် ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေတိုးတက်လာခြင်းမရှိပဲ၊ ချမ်းသာသူများရဲ့ ၀င်ငွေကသာ တစထက်တစ ပိုမိုများပြားလာတတ်တာတွေ ရှိပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ စီးပွားရေးတိုးတက်မှုဟာ ဆင်းရဲနွမ်းပါးသူများအတွက် ဦးစားပေးသော တိုးတက်မှု (pro-poor growth) ဖြစ်လာဖို့အတွက် မူဝါဒရေးရာ ပြင်ဆင်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။



(၂၀၀၂) ခုနှစ်မှာ ဘောဂဗေဒပညာရှင် David Dollar နဲ့ Aart Kraay တို့က “Growth is Good for the Poor” ဆိုတဲ့ သုတေသန စာတမ်းကို သုံးသပ်ရေးသားခဲ့ကြပါတယ်။ နိုင်ငံပေါင်း (၁၃၇) နိုင်ငံက ဆင်းရဲနွမ်းပါးသူများရဲ့ (၁၉၅၀) ခုနှစ်မှ (၁၉၉၉) ခုနှစ် အထိ ကာလအတွင်း ၀င်ငွေများ၊ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း၊ တဦးချင်းဝင်ငွေ စတာတွေအပေါ်မှာ အခြေခံပြီး လေ့လာသုံးသပ်ချက်အရ ပျမ်းမျှဝင်ငွေ (average income) မြင့်တက်လာရေးကို လုပ်ဆောင်တဲ့ မူဝါဒတွေဟာ အောင်မြင်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာများရဲ့ အသက်သွေးကြောဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒီမူဝါဒတွေထဲမှာ စီးပွားရေးတိုးတက်မှုကို ဦးတည်သော မူဝါဒများ (growth-oriented policies) များအပြင်၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ မူဝါဒများပါဝင်ပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ကဏ္ဍ (၃) ရပ် ခွဲခြားဖော်ပြထားပါတယ်။ ပထမကဏ္ဍကတော့ အခွင့်အလမ်းများ (opportunities) ဆိုင်ရာ မူဝါဒတွေ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုသံသရာက ရုန်းထွက်နိုင်ဖို့အတွက် ဆင်းရဲနွမ်းပါးသူတွေဆီမှာ ရုပ်ဝတ္ထုဆိုင်ရာ အခွင့်အလမ်းများ (material opportunities) ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ အကြွေးရယူသုံးစွဲနိုင်မှု အခွင့်အလမ်း၊ ထုတ်ကုန်များ ရောင်းချရန် ဈေးကွက်အခွင့်အလမ်း၊ ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး အခွင့်အလမ်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အခွင့်အလမ်း စတာတွေအပြင် ပညာသင်ကြားနိုင်မှု အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်း၊ သန့်ရှင်းသောရေ ရရှိသုံးစွဲနိုင်မှု အခွင့်အလမ်း စတာတွေ ရှိဖို့ လိုအပ်ပါတယ်။

အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာစေရေးအတွက် စီးပွားရေးတိုးတက်မှု လိုအပ်ပြီး၊ စီးပွားရေး တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုရာမှာ လူတဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအလိုက်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းစုကြီးများအနေဖြင့် ဖြစ်စေ ပရိုက်ဗိတ်ရင်းနှီးမြှုပ်နှံမှု (private investment) အားကောင်းဖို့လိုအပ်ပါတယ်။ သို့မှသာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလာပြီး၊ labour income တက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိုက်ဗိတ် ရင်းနှီးမြှုပ်နှံမှု အားကောင်းလာဖို့အတွက် တိုင်းပြည်မှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance)၊ တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများ (stable investment rules) နဲက ကောင်းမွန်အသုံးကျသော ဘဏ္ဍာရေး စနစ် (sound financial system) တွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုအခြေအနေတွေ ရှိလာဖို့အတွက်က အစိုးရအုပ်ချုပ်ရေး ကောင်းမွန်မှု၊ ညံ့ဖျင်းမှု အပေါ်မှာ မူတည်ပါတယ်။

နိုင်ငံတော်ဟာ ပရိုက်ဗိတ် ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစေမယ့် အခြေအနေတွေ ဖော်ဆောင်ပေးဖို့ တာဝန်ရှိသလို၊ public investment ပြုလုပ်ဖို့အတွက်လဲ တာဝန်ရှိပါတယ်။ Public investment လုပ်ရမယ့် ကဏ္ဍတွေကတော့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေး၊ စာတိုက်၊ ကြေးနန်းနှင့် အင်တာနက် ဆက်သွယ်ရေး တိုးမြှင့်ရေး၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေပဲ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို အသိဥာဏ်ပညာထက် ကျောင်းအရေအတွက် တိုးတက်ရေး၊ ဘွဲ့ရသူအရေအတွက် များပြားရေးစတဲ့ အရေအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်လေ့ရှိပါတယ်။ အရေအတွက်သာမက အရည်အချင်း တိုးတက်မြင့်မားရေးကိုပါ ဦးတည်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဆင်းရဲနွမ်းပါးသူများရဲ့ အခွင့်အလမ်းများ တိုးတက်လာရေးအတွက် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ပေါက်ဖွားလာသော ကလေးများ ပညာသင်ဆုများ ရရှိရေး၊ ဆင်းရဲနွမ်းပါးသူများ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ရရှိရေး၊ လူမှုအခြေပြု တန်းတူညီမျှခြင်း မရှိသည့် အတွေးအခေါ်များကို ဖယ်ရှားရေး၊ ပြည်သူ့ဝန်ဆောင်မှုများတွင် လူမျိုးရေး ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားရေး စတာတွေကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေကနေ ပြည်တွင်းစစ်ကို ဖြစ်ပွားသွားစေတတ်ပြီး၊ ပြည်တွင်းစစ်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ အတွက် တိုင်းပြည်တွင်းမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ မရှိအောင် ကြိုးပမ်းဖို့ အရေးကြီးပါတယ်။



ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်ြ့ပီး ကမ္ဘာ့ဘဏ်က ချမှတ်ထားတဲ့ ဒုတိယကဏ္ဍကတော့ empowerment ဖြစ်ပါတယ်။ လူမှုရေးအတားအဆီးများနဲ့ အင်စတီကျူးရှင်းဆိုင်ရာ အတားအဆီးများကြောင့် မူဝါဒချမှတ်ရေးဖြစ်စဉ် (policy making process) မှာ ဆင်းရဲနွမ်းပါးသူတွေကို ကိုယ်စားပြုမှု အားနည်းချက်တွေ ရှိတတ်ပါတယ်။ empowerment ဆိုတာမှာ သတင်းအချက်အလက်များကို သိရှိရယူနိုင်ခြင်း (access to information)၊ inclusion and participation ၊ တာဝန်ခံမှု (accountability) နဲ့ နယ်မြေဒေသအလိုက် ဖွဲ့စည်းတည်ထောင်မှု စွမ်းရည် (local organizational capacity) စတဲ့ အချက်အလက် လေးမျိုးပါဝင်ပါတယ်။

နိုင်ငံတော်ရဲ့ အင်စတီကျုးရှင်း အားလုံးဟာ ဆင်းရဲနွမ်းပါးသူများအပေါ် တာဝန်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ တာဝန်ခံမှု ရှိဖို့အတွက် ဆင်းရဲနွမ်းပါးသူတွေမှာ သတင်းအချက်အလက်တွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဒီလို နားလည်သိရှိမှလဲ မူဝါဒရေးရာ ချမှတ်အကောင်အထည်ဖော်မှုတွေမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်း ပါဝင်လာကြခြင်းအားဖြင့် လူမှုအရင်းအနှီး (social capital) မြင့်တက်လာမှာ ဖြစ်ပါတယ်။ လူမှုအရင်းအနှီး မြင့်တက် လာတာနဲ့အမျှ လူမှုအင်စတီကျူးရှင်း အားကောင်းလာနိုင်ပါတယ်။ လူမှုအင်စတီကျူးရှင်း အားကောင်းမှုဟာ ဆင်းရဲ နွမ်းပါးမှု အစီအစဉ်ဒီဇိုင်းများနဲ့ အကောင်အထည်ဖော်ဆောင်မှုများ ပိုမိုထိရောက်မှု ရှိစေတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုလာပါတယ်။

သတင်းအချက်အလက်များ ရယူနိုင်မှု မြင့်မားလာရေးအတွက် စာနယ်ဇင်းနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ တိုးမြင့်လာဖို့ လိုအပ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ချိန်မှာ လွတ်လပ်စွာ သတင်းစာထုတ်ဝေမှု အားကောင်းတဲ့ နိုင်ငံတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ပိုပြီး ထိရောက်မှုရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့အတွက် ဆုံးဖြတ်ချက်များ ချမှတ်မှုနဲ့ အကောင်အထည် ဖော်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာမှုတွေမှာ ပွင့်လင်းမြင်သာပြီး၊ ပူးပေါင်းဆောင်ရွက်၍ ရသော democratic mechanisms တွေ ရှိဖို့ လိုအပ်ပါတယ်။

တာဝန်ခံမှု အားကောင်းလာစေဖို့အတွက် အစိုးရရဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ သတင်းအချက်အလက် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေဖြန့်ဖြူးခြင်း၊ ပြည်သူ့ရေးရာဌာနများရဲ့ လုပ်ငန်းဆောင်တာများကို လေ့လာအကဲဖြတ်နိုင်သော Institutional and Governance Reviews များ ထုတ်ဝေခြင်း၊ အစိုးရ၀န်ဆောင်မှုများရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ရည်ပေါ်မှာ ပြည်သူလူထုရဲ့ အတွေးအမြင်တွေကို ဖော်ပြပေးနိုင်တဲ့ Citizen Report Cards များ ဖြန့်ဖြူးခြင်း၊ ရင်းနှီးမြှုပ်နှံမှု လမ်းပြမြေပုံများ (Investment Roadmaps) များ ချမှတ်ရေးဆွဲခြင်း၊ focus groups နဲ့ အင်တာဗျူးများကို အသုံးပြုပြီး Participatory Poverty Assessments များ ပြုလုပ်ခြင်း စတာတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ စီမံချက်တွေကို အကောင် အထည်ဖော်လေ့ရှိကြပါတယ်။ ဖွဲ့စည်းတည်ထောင်မှုစွမ်းရည်တွေ မြင့်မားလာရေးအတွက် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာစေရေး၊ ကျားမတန်းတူညီမျှမှုရှိရေး၊ ဆင်းရဲနွမ်းပါးသူများရဲ့ လူမှုအရင်းအနှီး တိုးတက်လာစေရန် ကွန်ယက်များ ဖွဲ့စည်းရေး စတာတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ စီမံချက်တွေကို အကောင်အထည် ဖော်လေ့ရှိကြပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်ြ့ပီး ကမ္ဘာ့ဘဏ်က ချမှတ်ထားတဲ့ တတိယကဏ္ဍကတော့ ၀င်ငွေလုံခြုံရေး (income security) ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူများဟာ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ income shocks တွေကြောင့် ပေါ်ထွက်လာတဲ့ risks တွေကို အခြားသူများထက် ပိုပြီး ခံစားကြရလေ့ရှိပါတယ်။ အိမ်ထောင်စုတွေဟာ သူတို့ရဲ့ risk exposures တွေကို ၀င်ငွေ ရရှိရာ အရင်းအမြစ်များအား ဖြန့်ကျက်ခြင်းနဲ့ အာမခံထားရှိခြင်းများနဲ့ ရင်ဆိုင်ဖြေရှင်းလေ့ရှိကြပါတယ်။ ဥပမာ- အချို့ မိသားစုတွေက အခြားမြို့များမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ငွေပို့ခြင်း၊ ထွက်ကုန်များကို နောက်ထပ် ရာသီတခုအထိ သိုလှောင်ထားခြင်း၊ ရွှေငွေ လက်ဝတ်ရတနာများအဖြစ် စုဆောင်းထားခြင်း၊ အာမခံထားခြင်း စတာတွေ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ အာမခံလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးအတွက် နိုင်ငံတော်အနေနဲ့ အာမခံလုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ရေးယန္တရားများ ထားရှိဖို့ လိုအပ်သလို၊ safety nets များလဲ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ လုပ်သားဈေးကွက်နဲ့ macroeconomic policies တွေဟာ risk တွေကို လျှော့ချပေးနိုင်ပါတယ်။

economic crises တွေနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ဆင်းရဲနွမ်းပါးသူများကို ရေတိုမှာတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ လူသားအရင်းအမြစ်နဲ့ သဘာဝအရင်းအမြစ်များ ရှားပါးပြုန်းတီးမှုတွေကြောင့် ဒီလို Large adverse shocks တွေဟာ ဆင်းရဲနွမ်းပါးသူတွေကို ဆင်းရဲနွမ်းပါးမှု သံသရာထဲမှာ ရေရှည်နစ်မွန်းစေတတ်ပါတယ်။ ဒါကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်မှုတွေ မဖြစ်အောင် ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးပြီး၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားလာချိန်မှာလဲ လျင်မြန်စွာ တုန့်ပြန်နိုင်အောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒီလို Large adverse shocks ကို ရင်ဆိုင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် စီမံချက်တွေ ချမှတ်ထားခြင်းအားဖြင့် ဆင်းရဲနွမ်းပါးသူများ ရင်ဆိုင်ရမယ့် risks တွေကို လျှော့ချပေးနိုင်ပါတယ်။

ဒီစီမံချက်တွေမှာ မိုင်ခရိုအာမခံ အစီအစဉ်တွေ၊ အစားအစာ ဖြန့်ဝေရေးအစီအစဉ်တွေနဲ့ public works programs တွေကို လိုအပ်တဲ့ အခြား risk management measures တွေနဲ့အတူ ထည့်သွင်းခြင်း၊ ဘဏ္ဍာရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ macro shocks များကို ကာကွယ်ရေး အစီအစဉ်များ ချမှတ်ခြင်၊ ပဋိပက္ခ များကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ ပြည်တွင်းစစ် မဖြစ်ပွားအောင်ကာကွယ်ခြင်း၊ အရင်းအမြစ်များကို ထုတ်လုပ်ရေး လုပ်ငန်းဆောင်တာများမှာ အသုံးပြုခြင်း၊ ကူးစက်ရောဂါဆိုးများအား ကာကွယ်နှိမ်နင်းခြင်း စတာတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် safety nets များ ရှိရေးက အရေးကြီးပါတယ်။ ဒီလို safety nets တွေထဲမှာ ကျန်းမာရေးအာမခံ၊ ပင်စင်လစာ၊ ဘိုးဘွားများအား စောင့်ရှောက်ခြင်း၊ အလုပ်လက်မဲ့အာမခံ၊ လူမှုဖူလုံရေး ထောက်ပံ့ကြေးနဲ့ အသေးစားငွေချေးစနစ် စတာတွေ ပါဝင်ပါတယ်။ ဒီ safety nets တွေဟာ အရေးပေါ် စားသုံးမှုကို အထောက်အကူပြုရုံမက ဆင်းရဲနွမ်းပါးသူတွေရဲ့ human, physical, and social assets တွေကိုပါ အကာအကွယ်ပေးပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးက ကိုင်စွဲရမယ့် blue print မရှိသေးပါဘူး။ သက်ဆိုင်ရာ နိုင်ငံအလိုက်၊ သင့်လျော်တဲ့ မူဝါဒတွေကို မူဝါဒရေးရာတာဝန်ရှိသူတွေက ရေးဆွဲချမှတ်အကောင်အထည် ဖော်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုချမှတ် အကောင်အထည်ဖော်ဆောင်ရာမှာ စီးပွားရေးစွမ်းရည် (economic capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူသားစွမ်းရည် (Human Capabilities)၊ လူမှုစွမ်းရည် (Social Capabilities)နဲ့ ကာကွယ်စောင့်ရှောက်ရေးစွမ်းရည် (protective Capabilities) တွေ မြင့်တက်လာရေးကို ဦးတည်တဲ့ မူဝါဒတွေကို ဖော်ဆောင်နိုင်မှသာ ပြည်သူအများကို ဆင်းရဲတွင်းကနေ လွတ်မြောက်စေမယ့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ ဖြစ်လာမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၁၅၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Dollar, D, and Kraay, A. (2002) Growth IS Good for the Poor, Development Research Group, World Bank, Washington DC.

Haughton, J. and Khandker, S. (2009) Handbook on Poverty and Inequality, World Bank, Washington DC.

Kraay, Aart. (2004) “When Is Growth Pro-Poor? Cross-Country Evidence.” Working Paper No. 04/47, International Monetary Fund, Washington, DC.

Ravallion, M. (2000) Growth, Inequality and Poverty: Looking Beyond Averages, World Bank, Washington DC.

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နည်းလမ်းများ

Poverty Reduction

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး




ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှုထောင့်တွေနဲ့ ကျားမကွဲပြားမှု (gender)၊ သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည် (economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမှု-ယဉ်ကျေးမှုစွမ်းရည် (socio-cultural capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြားသတ်မှတ်ကြပါတယ်။



စီးပွားရေးစွမ်းရည် ဆိုတာ ၀င်ငွေရရှိမှု၊ စားသုံးမှုနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ သက်ဆိုင်ပါတယ်။ လူသားတွေဆီမှာ စီးပွားရေးစွမ်းရည်တွေရှိခြင်းဟာ အစားအစာ ဖူလုံရေး၊ ရုပ်ဝတ္ထုပစ္စည်း တိုးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် အဓိကကျပါတယ်။ ဆင်းရဲနွမ်းပါးသူတွေဟာ ဘဏ္ဍာရေးအရင်းအမြစ် (ချေးငွေရရှိသုံးစွဲနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်များ) နဲ့ သဘာဝသယံဇာတ အရင်းအမြစ် (မြေယာ၊ သစ်တော၊ ရေချိုရေငန် ငါးဖမ်းမှု စသည်များ) ကို အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှသာ ဆင်းရဲတွင်းကနေ လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။

လူသားစွမ်းရည် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသော ရေနဲ့ အမိုးအကာ ရရှိရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီအရာတွေဟာ လူသားတွေရဲ့ ဘ၀ တိုးတက်မြင့်မားရေးအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရောဂါဘယနဲ့ စာတတ်မြောက်မှု မရှိခြင်းဟာ ထုတ်လုပ်မှု လုပ်အားကို ကျဆင်းစေနိုင်ပြီး၊ စီးပွားရေးစွမ်းရည်နဲ့ အခြားစွမ်းရည်များကို ထိခိုက်စေနိုင်ပါတယ်။ လူသားတွေဆီမှာ စာအရေးအဖတ်စွမ်းရည်တွေ ရှိခြင်းအားဖြင့် အများနဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး၊ လူမှုရေးပါဝင်ပတ်သက်မှုနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ပါတယ်။ ပညာရေး (အထူးသဖြင့် အမျိုးသမီးများရဲ့ ပညာရေး) အဆင့်အတန်း မြင့်မားလာမှုဟာ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး၊ သားဆက်ခြားရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေ ထိရောက်ရေးကို အထောက်အကူပြုတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အသုံးဝင်လှပါတယ်။

နိုင်ငံရေးစွမ်းရည် ဆိုတာမှာတော့ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို နိုင်ငံတော်အစိုးရက ချိုးဖောက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း တခုပဲ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မတရားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခြင်းဟာ အများပြည်သူတွေရဲ့ အကြောက်တရားကို တိုးမြင့်စေပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်ချက်ကို ထိခိုက်ကျဆင်းစေပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုဟာ အခြားလူမှုရေး စွမ်းရည်၊ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည်တွေ အပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

လူမှု-ယဉ်ကျေးမှုစွမ်းရည်တွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်နိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေမှာ လူမှုအဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် တန်ဖိုးထားတဲ့ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ပထ၀ီဝင်အနေအထား အားနည်းချက်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေကတော့ စီးပွားရေးနဲ့ အခြား external shocks များကို လူသားတွေက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေဟာ ဆင်းရဲနွမ်းပါးမှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ လုံခြုံမှုမရှိခြင်းဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးကို အတားအဆီးဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ငတ်မွတ်ခေါင်းပါးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ မှုခင်းထူပြောမှု၊ စစ်မက်ဖြစ်ပွားမှု စတာတွေဟာ စိုးရိမ်ပူပန်စရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားပျက်ကပ်တွေနဲ့ ပဋိပက္ခတွေကြောင့် လူအများက ဆင်းရဲတွင်းထဲကို ကျသွားလိုက်၊ ပြန်တက်ရန် ကြိုးစားလိုက်နဲ့ သံသရာလည်ရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ကွဲပြားခြားနားတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်တွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေ ကြသလို ကျားမကွဲပြားမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နဲ့လဲ ဆက်နွယ်နေပါတယ်။ ကျားမတန်းတူညီမျှရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေနိုင်ပြီး၊ သဘောဝပတ်ဝန်းကျင်ရေးရာ အချက်တွေကလဲ ကျားမဆက်ဆံရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ကျားမတန်းတူညီမျှရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ရည်မှန်းချက်ပန်းတိုင်တွေလဲ ဖြစ်ပါတယ်။

ကျားမ တန်းတူညီမျှခြင်းမရှိမှု (Gender inequality) ဟာ ဆင်းရဲနွမ်းပါးမှု ရှုထောင့်မျိုးစုံနဲ့ သက်ဆိုင် ပါတယ်။ အချို့သော လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေမှာ အမျိုးသားတွေကို ပိုပြီး ဦးစားပေးမှုနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေ တတ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကွဲပြားစွာ သက်ရောက်မှု ရှိစေပြီး၊ အမျိုးသမီးတွေ အပေါ်မှာ ပိုမို ထိခိုက်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရဲ့ စားသောက်ကုန်၊ လူသုံးကုန်သုံးစွဲနိုင်မှု အချိုးအစားဟာ အမျိုးသမီးတွေ အတွက် ပိုမိုလျော့နည်းပါတယ်။ ဓလေ့ထုံးစံအရ စားသောက်ဖွယ်ရာတွေကို အမျိုးသားကို ပိုမိုဦးစားပေးတာ၊ သမီးမိန်းကလေးကို ကျောင်းနှုတ်ပြီး သားယောက်ျားလေးကို ကျောင်းဆက်ထား တာတွေလဲ ရှိတတ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်အမျိုးသားတွေ၊ ဖခင်တွေ၊ အစ်ကို-မောင်တွေရဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဘ၀ကိုလဲ အလွယ်တကူ ကျရောက်တတ် ပါသေးတယ်။ အချို့လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်းက အမျိုးသားတွေထက် ပိုမိုနည်းပါးပြီး၊ နိုင်ငံရေးအရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံ ခံရတာတွေလဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ကျော်လွှားနိုင်သော စွမ်းရည်တွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးလေ့ရှိတာကြောင့် ဆင်းရဲနွမ်းပါးမှုရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေက ပိုမိုခံရလေ့ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေရဲ့ အသက်ရှင်ရပ်တည် နေထိုင်ရေးနဲ့ အခြေခံ လူသားစွမ်းရည် တိုးမြင့်လာရေးတို့အတွက် အရေးပါသူများ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိနိုင်မှု အခွင့်အလမ်းတွေ နည်းပါးခြင်းဟာ မိသားစုဝင်ငွေကို နည်းပါးစေသလို၊ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကိုလဲ ထိခိုက်စေနိုင်ပါတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားတွေကို အပြည့်အ၀ အသုံးချနိုင်မှု လျော့ကျစေပါတယ်။ ဒါကြောင့် ကျားမ တန်းတူညီမျှခြင်း မရှိမှုဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုအပြင်၊ တိုင်းပြည်တခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အကြောင်းတရားတခုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာတွေကလဲ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်နေပါတယ်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများရဲ့ အသက်ရှင် ရပ်တည်ရေးကို သက်ရောက်မှုရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကလဲ လူသားတွေအပေါ် ကျရောက်စေတတ်ပါတယ်။ ကျေးလက်ဒေသတွေမှာ မြေဆီလွှာ ခြောက်ခန်းမှု၊ သစ်တောပြုန်းတီးမှုနဲ့ သားငါးရှားပါးမှုတွေဟာ လူသားတွေရဲ့ အသက်ရှင် ရပ်တည်ရေးကို တစထက်တစ ခြိမ်းချောက်လာပါတယ်။

သန့်ရှင်းသောရေ မရရှိမှုကြောင့်လဲ ၀မ်းပျက်ဝမ်းလျှောရောဂါဆိုးတွေ ကျရောက်စေနိုင်ပါတယ်။ စိုက်ပျိုးထွန်ယက်ရေး အတွက် ကောင်းမွန်တဲ့ လယ်ယာမြေနဲ့ သန့်ရှင်းသောရေ ရရှိရေးဟာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဒေသတွင်း ပဋိပက္ခတွေကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် သဘာဝ အရင်းအမြစ်တွေကို ရေရှည်ခံအောင် စနစ်တကျ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို အမျိုးသားရေး လုပ်ငန်းဆောင်တာတွေအနေနဲ့ ပညာပေးဖြန့်ဖြူးဖို့ လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုးတွေဖြစ်တဲ့ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း စတာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဒီလိုသဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပွားလာခဲ့ ပိုပြီး ဆုံးရှုံးမှု များတတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းဆောင်တာများကို မကျွမ်းကျင်မှု၊ ကယ်ဆယ်ရေး ထောက်ကူကိရိယာများနဲ့ လူ့စွမ်းအား မလုံလောက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှု၊ အလွဲသုံးစားပြုမှု စတာတွေဟာ လူအများကို ဆင်းရဲတွင်းထဲကို နက်သထက်နက်အောင် တွန်းပို့ပေးတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ စီမံကိန်းတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ချမှတ် အကောင်အထည် ဖော်ဆောင်ရုံနဲ့တင် တိုက်ဖျက်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုကို အန်တုနိုင်ဖို့အတွက် စီးပွားရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှု-ယဉ်ကျေးမှုစွမ်းရည်၊ လူသားစွမ်းရည်နဲ့ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည် စတဲ့ ရှုထောင့်စုံ စွမ်းရည်တွေ လူ့အဖွဲ့အစည်းမှာ ရှင်သန်ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ကျားမ တန်းတူညီမျှမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုနိုင်မှုဟာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၆၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Allen, T. & Thomas, A. (eds.) (2000) Poverty and Development into the 21st century, Oxford University Press, Oxford
OECD (1998) DAC Source Book on Concepts and Approaches Linked to Gender Equality, OECD publications, Paris
OECD (2001) Poverty reduction: International Development, OECD publications, Paris

ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ



ကောင်းကျိုး၊ ဆိုးကျိုးစတဲ့ အကျိုးတရားတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်ရှာဖွေပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှုတွေကို ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့ ဘက်ပေါင်းစုံက ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တဘက်ထဲက ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုရုံနဲ့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ကနဦး ရှာဖွေဖော်ထုတ်နိုင်မှသာ ဆင်းရဲနွမ်းပါးသူတွေအတွက် အကျိုးကျေးဇူး ရှိလာမှာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းတရားတွေဟာ ရာသီဥတု အခြေအနေ၊ ပထ၀ီဝင် အနေအထား စတာတွေန့ ဆက်စပ်သလို ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) အရည်အသွေး မပြည့်မှီမှုကြောင့်လဲ ဖြစ်ပွားနိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာအလွဲ သုံးစားပြုမှုတွေ၊ ဈေးကွက်ကို အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ နီးစပ်သူများကသာ ထိန်းချုပ်ထားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အုပ်ချုပ်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေက ဆန္ဒမရှိမှုတွေဟာ ကောင်းမွန်သော အုပ်ချုပ်ရေး အားနည်းနေတဲ့ လက္ခဏာတွေပါပဲ။

ဒီလို ဆိုးရွားသော အုပ်ချုပ်ရေး (bad governance) လက္ခဏာရပ်တွေဟာ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အတားအဆီးတွေ ဖြစ်လာတတ်ပါတယ်။ ကျားမခွဲခြားမှု၊ လူဦးရေအဆမတန် တိုးပွားမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်သလို၊ လူငယ်လူရွယ်တွေနဲ့ ကလေးသူငယ်တွေမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါဆိုး ပျံ့ပွားခံစားရခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အပါအ၀င် ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသူပညာရှင်များက ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်း အဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများဆိုပြီး၊ အကြောင်းရင်း (၃) မျိုး ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ တိုင်းပြည်အဆင့်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သက်ရောက်မှု ရှိစေတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ ရာသီဦတု ဆိုးရွားမှု၊ မိုးခေါင်ရေရှားမှု၊ မြစ်ချောင်းအင်းအိုင်ရှားပါးမှု၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးထွန်ယက်ခြင်းများ ဖြစ်ထွန်းအောင်မြင်နိုင်မည့် မြေယာရှားပါးမှု စတဲ့ သဘာဝ အကြောင်းတရားတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်သူများဟာ သူတို့ရဲ့ ထွက်ကုန်တွေ ဈေးပေါပေါနဲ့ တန်ဖိုးဖြတ်ခံရပေမယ့် လူသုံးကုန်၊ စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူတဲ့ အခါမှာတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးကြီးကြီးပေးပြီး ၀ယ်ယူကြရပါတယ်။ ပြည်သူ့ဝန်ဆောင်မှုများ အားနည်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးခြင်းနဲ့ ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု မရှိခြင်း စတဲ့ အကြောင်းတရားတွေဟာ လူအများကို ဆင်းရဲတွင်းထဲ ပို့ဆောင်ပေးပါတယ်။

အခြားအရေးကြီးတဲ့ တိုင်းပြည်အဆင့် အကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒများ ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်ခြင်း မရှိမှု၊ စီးပွားရေးမတည်ငြိမ်မှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ဈေးကွက် မတည်ငြိမ်မှု၊ ပညာရှင်များရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်တားဆီးခံရမှု၊ စစ်မက်ဖြစ်ပွားမှု၊ လူသားလုံခြုံရေး (Human security) အားနည်းမှု၊ တရားစီရင်ရေးဆိုင်ရာ မမျှတမှု စတာတွေပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ domestic institutions တွေနဲ့ social welfare system မရှိပဲ ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းမှုတွေဟာလဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ထဲမှာ ပါဝင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ကျားမ ခွဲခြားမှုတွေကြောင့် တန်းတူညီမျှမှု မရှိတာကလဲ poverty gap တွေ ဖြစ်ပွားစေပါတယ်။

တိုင်းပြည်အဆင့် ဆင်းရဲနွမ်းပါးမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေတာကတော့ ပြည်တွင်းစစ်ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူအများ သေကြေပျက်စီးမှု၊ ရွာများ ဖျက်ဆီးမီးရှို့ခံရမှု၊ ရွှေ့ပြောင်းနေရာ ချထားခြင်း ခံရမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ကုန်စီးဆင်းမှု မချောမွေ့မှု၊ အလုပ်လုပ်နိုင်သော လူငယ်လူရွယ်များ စစ်မြေပြင်မှာ ရောက်ရှိနေမှု၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှု၊ စစ်အသုံးစရိတ်များ ကြီးမားမှု စတာတွေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေပါတယ်။

လူ့အဖွဲ့အစည်းအဆင့် (community-level) မှာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းကတော့ infrastructure နဲ့ သက်ဆိုင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး လမ်းမကြီးများနှင့် ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ဒေသတွင်းမှာ ကျောင်းများနဲ့ ဆေးရုံ၊ ဆေးခန်းများ ရှိခြင်း၊ မြေယာခွဲဝေမှု စနစ်တကျရှိခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များပြားခြင်း၊ လူမှုကိုယ်စားပြုမှု ရှိခြင်း စတာတွေဟာ Infrastructure Development ရဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသွင်ပြင်လက္ခဏာတွေ ချို့တဲ့မှုဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအဆင့်မှာ နောက်ထပ် အရေးပါတဲ့ အကြောင်းရင်းကတော့ ၂၁ ရာစုကမ္ဘာမှာ ကျယ်ပြန့်လာတဲ့ လူမှုကွန်ယက်များ (social networks) နဲ့ လူမှုအရင်းအနှီး (social capital) ပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လူမှုအင်စတီကျူးရှင်းများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကွန်ယက်များ တည်ထောက်ခြင်းဖြင့် လူမှုအရင်းအနှီး တိုးပွားလာစေပြီး၊ ဆင်းရဲနွမ်းပါးသူများရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူမှုကွန်ယက်များနဲ့ လူမှုရေးအဖွဲ့အစည်းများဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အရေးကြီးတဲ့ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပေးနိုင်တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်တာတွေကို အထောက်အကူပြုပါတယ်။

အိမ်ထောင်စု အဆင့်မှာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ အိမ်ထောင်စုအရွယ်အစား၊ အိမ်ထောင်စု ဖွဲ့စည်းမှုသဏ္ဍာန်၊ ၀င်ငွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေစတာတွေနဲ့ သက်ဆိုင်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ငယ်ရွယ်သူ ကလေးသူငယ်များ အများစု ပါဝင်တဲ့ အိမ်ထောင်စုတွေဟာ အလုပ်လုပ်နိုင်သော အသက်အရွယ် လူအများစုပါဝင်တဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးတတ်ပါတယ်။ လူငယ်များ အိမ်ထောင်ဦးစီးပြုတဲ့ အိမ်ထောင်စုတွေဟာ လူလတ်ပိုင်းများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ မှီခိုသူများတဲ့ အိမ်ထောင်စုတွေဟာ အိမ်ရှိလူကုန် အလုပ်လုပ်ကြတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။

အမျိုးသမီးများ ဦးစီးတဲ့ အိမ်ထောင်စုတွေဟာလဲ အမျိုးသားများ ဦးစီးတဲ့ အိမ်ထောင်စုတွေထက် ပိုပြီး ဆင်းရဲနွမ်းပါးလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ အလုပ်တာဝန် ထမ်းဆောင်မှုတွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်တတ်လေ့ရှိပေမယ့် ကျားမတန်းတူ ညီမျှမှု မရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘ၀ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခွင့် အခွင့်အလမ်းတွေ ရှားပါးကြပါတယ်။ ပညာအရည်အချင်း ကွာဟမှု၊ အိမ်ထောင်ဘက်အမျိုးသားများက အလုပ်လုပ်ခွင့် မပေးမှု၊ လုပ်ခလစာ လျော့နည်း ရမှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း နည်းပါးမှု စတာတွေကြောင့် ဆင်းရဲတွင်းထဲ ရောက်နေကြရတဲ့ အမျိုးသမီးတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိပါတယ်။

အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ အိမ်ထောင်စုဝင်များရဲ့ ကျန်းမာရေး ဆိုးရွားမှု အခြေအနေဟာ ဆင်းရဲနွမ်းပါးမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဆိုရင် ဆေးရုံ၊ ဆေးခန်းများနဲ့ ကွာဝေးမှု (ဥပမာ- နယ်များမှ မြို့သို့တက်၍ ဆေးကုရခြင်း)၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ် မရှိမှု စတာတွေကြောင့် ဆေးကုသစရိတ်ကုန်ကျမှုနဲ့ အိမ်ထောင်စုဝင်ငွေဟာ အချိုးမညီနိုင်ပဲ ဆင်းရဲတွင်းထဲ ကျဆင်းသွားကြ ရပါတယ်။

ပညာရေးစနစ် အားနည်းချက်ကြောင့် မလိုအပ်ပဲ ကုန်ကျရတဲ့ ကျောင်းလခ၊ ဆရာ-ဆရာမများကို ပူဇော်ခ၊ ကျူရှင်လခ၊ မေးခွန်းလိုက်ခ၊ စာမေးပွဲအောင်ကြေး၊ ကျောင်းခန်း ရေအိုးဖိုး၊ တံမြက်စည်းဖိုး စတာတွေကလဲ အိမ်ထောင်စုရဲ့ စားဝတ်နေရေး အခြေအနေကို ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ကုန်ကျစရိတ်များကြောင့် မိဘများက ကျောင်းမထားနိုင်ပဲ အလုပ်ကြမ်းများ လုပ်ခိုင်းရတဲ့ အခါမှာလဲ ကလေးသူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပြန်ပါတယ်။ တခါ ပညာမတတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှု သံသရာထဲကနေ သားစဉ်မြေးဆက် ရုန်းမထွက်နိုင်တဲ့ အိမ်ထောင်စုတွေ အများအပြား ရှိပါတယ်။

အိမ်ထောင်စုဝင်တွေရဲ့ အရက်သေစာ သောက်စားမှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစား ပြုလုပ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (မိန်းမလိုက်စားမှု) စတာတွေကလဲ အိမ်ထောင်စုအဆင့် ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ နိုင်ငံရေးယုံကြည်ချက်ကြောင့်ဖြစ်စေ၊ ရာဇ၀တ်မှုခင်းများကြောင့် ဖြစ်စေ၊ ထောင်သွင်းအကျဉ်းချခံထားရသူများ အိမ်ထောင်စုထဲမှာ ရှိနေရင်လဲ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေပါတယ်။ တရားမ မှုခင်းများကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရမှုများလဲ အချိန်နဲ့ အမှုအခင်းကုန်ကျစရိတ်များကြောင့် ဆင်းရဲနွမ်းပါးမှု ဖြစ်စေတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများကို ခွဲခြားစိတ်ဖြာပြီး၊ ပြင်ဆင်မှုများ၊ ရှောင်ကြဉ်မှုများ၊ ပြုပင်ပြောင်းလဲမှုများ၊ ဖြည့်ဆည်းမှုများကို စနစ်တကျပြုလုပ်နိုင်မှသာ ထိရောက်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းပြည်အဆင့် အကြောင်းရင်းများ၊ လူ့အဖွဲ့အစည်းအဆင့် အကြောင်းရင်းများနဲ့ အိမ်ထောင်စုအဆင့် အကြောင်းရင်းများကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှုများ၊ လူမှုကွန်ယက်ချိတ်ဆက်ရေး လှုပ်ရှားမှုများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၆၊ ၂၀၁၁)


ရည်ညွှန်းကိုးကား။ ။

Haughton, J. & Khandker, S. (2009) Handbook on Poverty and Inequality, World Bank, Washington DC.
UNESCO (2002) Social Capital and Poverty Reduction: Which role for the Civil Society Organizations and the state?, Paris

ဆင်းရဲနွမ်းပါးမှု ဆိုရာဝယ်



ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအ၀ိုင်းကနေ ၀ိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။


ပထမ cluster ကတော့ ၀င်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ၀င်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ၀င်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။

ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ၀င်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အ၀တ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။

တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။

ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။

ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။

ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။

ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘ၀ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ၀င်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အ၀ရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)


ရည်ညွန်းကိုးကား။ ။

Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.